မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်းများ TNLA သိမ်းပိုက်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်။
ပတ္တမြားမြေ မိုးကုတ်မြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းအချို့ကို TNLA က သိမ်းပိုက်ရရှိခဲ့သလို ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ TNLA ဦးဆောင်ပြီး ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးအဖြစ် မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့် မြို့နယ်များတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
ဇွန်လ ၂၅ ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကို TNLA က နံနက် ၉ နာရီအချိန်ခန့်တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ဇွန်လ ၂၈ ရက်နေ့တွင် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်မြို့မရဲစခန်း၊ ဒေါ်နန်းကြည်တောင် စစ်ကောင်စီ တပ်စခန်း၊ ကျောက်ဖားစခန်း၊ မြို့ဦးလွင်စခန်း စသည့် စစ်ကောင်စီ တပ်စခန်း အားလုံးနီးပါးကို TNLA က သိမ်း ပိုက်ထားပြီး ဆေးရုံတွင် တပ်စွဲထားသည့် စခန်းသာ ကျန်တော့သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံအမျိုးသား တစ်ဦးက “အနောက်ပိုင်းမှာတော့ အခုထိ ပစ်နေတုန်းပဲ ကျပ်ပြင်ဖက်မှာ ရဲစခန်းတော့ရပြီ၊ ဒေါ် နန်းကြည်တောင်ကဟာလည်း ရပြီ၊ ကျောက်ဖားဖက်လည်း ရပြီ၊ မြို့ဦးလွန်လည်း ရပြီ။ ဆေးရုံကုန်းဖက်မှာ ပဲ ကျန်တော့တယ်။ အဲ့တာလည်း အကုန်ဝိုင်းထားကြပြီ” ဟု ပြောသည်။
မိုးကုတ်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှုများ ဆက် တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ ဇွန်လ ၂၇ ရက်နေ့တွင်လည်း မိုးကုတ်မြို့ အရှေ့ပိုင်း ဥယျာဉ်ကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ကိုရင် ၁ ပါး ထိမှန် ပြန်လွန်တော်မူသွားပြီး ၄ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
“မြို့ထဲက ဘုန်းကြီးကျောင်း အဲ့ကျောင်းမှာ ပလောင် ကိုရင်တွေ အများကြီးနေတယ်လေ။ ကြားတာကတော့ သူတို့က ချမ်းသာကြီး ဘုရားကုန်းပေါ်ကနေ ပစ်တာလေ သေချာတော့မသိဘူး။ အဝေးကို မရောက်ဘဲနဲ့ အဲ့ကျောင်းကို ကျတာလေ။ အဲ့ကျောင်းက အဲ့ကုန်းအောက်မှာ ထိတာက ငါးယောက်လောက် ပြောတာပဲ။ ကိုရင်လေး တစ်ပါးက ပျံလွန်တော်မူပြီး လေးပါး ဒဏ်ရာရ အခုတော့ ဆေးကုနေတယ်” ဟု မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ ထိုနေ့မှာပင် မိုးကုတ်မြို့ အနောက်ပိုင်း အုတ်အင်းရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၄ ဦး ထိမှန် သေဆုံးသွားသည်။
မြို့ခံ အမျိုးသားက “ဒေါ်နန်ကြည်တောင်နားက အုတ်အင်းဖက်မှာဆို မိသားစုလိုက် သေတာ ၄ ယောက်လုံး သေ တာ။ ကလေးတွေလည်း ပါတယ်။ အငယ်ဆုံးက ၁၀ နှစ်နဲ့ အကြီးဆုံးက ၁၅ နှစ်လောက် ရှိမယ်” ဟု ဆက် ပြော သည်။
ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် မိုးကုတ်အနောက်ပိုင်း ပန်းမရပ်ကွက်၊ ပန်းမအထက် ဘုန်းကြီးကျောင်းထဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦး နှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို TNLA တပ်ဖွဲ့က ခေါ်သွားပြီး ဆေးကုသမှုပေးထားသည်ဟု နီးစပ်သူက ပြောသည်။
ဇွန်လ ၂၄ ရက်နေ့၊ ည ၁၁ နာရီခွဲဝန်းကျင်အချိန်တွင် မိုးကုတ်မြို့နယ်ထဲက ပိန်းအင်ကျေးရွာကို စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ၌လည်း ဒေသခံ ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာ ရရှိခဲ့သေးသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် လမ်းများပိတ်နေ၍ မိုးကုတ်ဒေသခံများ အနေဖြင့် နီးစပ်ရာကို စစ်ဘေးရှောင် နေကြသလို မြို့တွင်းတွင်း၌ ပိတ်မိနေသူများလည်း ရှိနေသည်။ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများလည်း စတင် ပြတ်တောက်နေ၍ ဆက်သွယ်ရေးပိုင်းလည်း အခက်အခဲများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။