လာရှိုးမြို့တွင် စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်၊ ကိုးကန့်ဘက်က ၂ ဦးသေ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်။
ရှမ်းမြောက် လားရှိုးမြို့တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် တပ်မတော် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဇွန်လ ၂၉ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် အချိန်ခန့်တွင် လားရှိုးမြို့ရှောင်လမ်းက မဟာနွယ်ဆီဆိုင်ဘက် တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်ကို သိသူ ဒေသခံအမျိုးသားတစ်ဦးက “ဖြစ်တာက ဒီမနက်ပေါ့နော်။ လက်နက် အသေး အသံတွေတော့ ကြားနေရတယ်။ ကိုးကန့်တပ်နဲ့ ဖြစ်နေတယ်လို့ ကြားတယ်။ ဖြစ်တဲ့နေရာက မြို့ရှောင်လမ်း မဟာနွယ်ဆီဆိုင် ဘက် ၁၂ မိုင် အဆင်းနားမှာ ဖြစ်တယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် ပစ်ကူနေသည်ဟု အနီး နားရှိ ဒေသခံများက ပြောကြသည်။
အထက်ပါ အမျိုးသားက “ဖြစ်တဲ့နေရာကို စစ်တပ်တွေက ဌာနချုပ်ကနေ လက်နက်ကြီးတွေ ပစ်ကူနေတာ။ မနက်ကတည်းက ပစ်လိုက် နားလိုနဲ့။ နေ့လည် ၁ နာရီ ၄၅ မိနစ်မှာက တစ်ခါ ထပ်ပစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော် TNLA ပူးပေါင်းတပ်တို့က ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကို ဇွန်လ ၂၅ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့တွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား၌ပါ တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။
အဆိုပါတိုက်ပွဲထဲ MNDAA တပ်ဖွဲ့က ၂ ဦးကျဆုံးပြီး ၃ ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု The Kokang လူမှုကွန် ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့် MNDAA ရဲဘော်များ ကျဆုံး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု The Kokang က ဆိုသည်။
စစ်ကောင်စီတပ်က ဟိုင်ဂင် စာချုပ်ကို ချိုးဖောက်ပြီး လားရှိုးမြို့ မြောက်ဘက် နမ့်ဖူးယိုင်ရှိ MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေကို စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – ၅၇၉ က ဇွန်လ ၂၉ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လားရှို့မြို့တွင် စစ်တပ်နှင့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ဇွန်လ ၂၅ ရက်နေ့ က စတင်ပြီး ကျောက် မဲ၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဆက် အဖြစ် တအာင်းတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေကြသည်။
ဓါတ်ပုံ – https://www.moi.gov.mm/iprd/ (စိုင်းထွန်း-လားရှိုး)