တည်ငြိမ်မှုရှိကြောင်း ပြသရန် လွိုင်ကော်ရှိ သီရိမင်္ဂလာဈေးအား ပြန်ဖွင့် 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။ 

တည်ငြိမ်အေးချမ်းနေပြီဟု ဝါဒဖြန့်ရန်အတွက် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ တောင်ဈေး (သီရိမင်္ဂလာဈေး)ကို ပြန်လည် ဖွင့်လှစ်လိုက်သည်။

တောင်ဈေးအား ယာယီဈေး သဘောဖြင့် ယမန်နေ့ (ဇူလိုင် ၃ ရက်နေ့) က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နမ့်ဘော်ဝမ်ဈေးကိုလည်း ဖွင့်လှစ်ထားကြောင်း သို့သော် လူစည်ကားမှု မရှိသေးဘူးဟု ဆိုသည်။

နေရပ်ပြန် စစ်ဘေးရှောင် တစ်ဦးက ဈေးကတော့ လူမရှိတဲ့ ဘောလုံးကွင်းလိုပဲ။ တခုခုဝယ်မယ်ဆို လိုက်ရှာရ တာက တော်တော်ကြာတယ်။ ဝယ်နေကြဆိုင်တွေက ဘယ်ရောက်လို့ ရောက်မှန်းမသိ။ ဈေးလည်း ကြီးတယ် ဟု ပြောသည်။

ယခင် ၅ ရက် တစ်ဈေး ရောင်းချနေသည့် တောင်ဈေးအား တစ်ပတ်တစ်ကြိမ်နှုန်းဖြင့် မဲနှိုက်၍ ဆိုင်ခန်းနေရာ ချပေးနေခြင်းကြောင့် မူလဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် နေရာမရသည့်အပြင် ဈေးဝယ်များအတွက်လည်း ဝယ် နေကျ ဆိုင်များကို ရှာတွေ့ရန် ခက်ခဲနေသည်ဟု ဆိုကြသည်။

လက်ရှိ ရောင်းချနေသည့် တောင်ဈေးကို စစ်ကောင်စီတပ်က လုံခြုံရေးယူပေးထားပြီး ဈေးဝယ်သူများအား အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အော်ဟစ်ကြိမ်းမောင်းခြင်းများ ပြုလုပ်နေသောကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရသည်ဟု ဈေးဝယ်သူများက ပြောသည်။

ဈေးသည် တစ်ဦးက ကျနော်တို့က ဆိုင်ခန်းပိုင်ရှင်လေ။ အခုတော့ ကျနော့်ဆိုင်က သူများရောင်းနေပြီ။ ဆိုင် ပိုင်ရှင်က ချောင် (ဂျောင်)ထဲမှာ။ ဒီတစ်ပတ် ဒီနေရာ ရောင်းတဲ့သူက နောက်တစ်ပတ် နောက်တစ်ရာမှာ ပြန် ရောင်းရမယ်ဆိုတော့ ဖောက်သည် ပျက်တယ် ဟု ပြောသည်။

တောင်ဈေးတွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ် ကျပ် ၂ သိန်းခွဲ၊ ကြက်ဥ တစ်လုံး ၅၀၀ ကျပ်၊ စားသုံးဆီ တစ်ပိဿာ တစ်သောင်းခွဲကျပ်၊ ဓါတ်ဆီ ၉၂ တစ်လီတာ ၃,၅၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေပြီး ကုန်ဈေးနှုန်း မြင့်တက် နေသောကြောင့် နမ့်ဘော်ဝမ်ဈေး၌ ဝယ်ယူသူက ပိုများသည်ဟု ဆိုကြသည်။

နိုင်ဝင်ဘာလ ၁၁ ရက်နေ့က ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များ စတင်ဖော်ဆောင်သည့် တစ်လေးလုံး စစ်ဆင်ရေးကာလအတွင်း တောင်ဈေးအား ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မီးလောင်ပြာကျ ပျက်စီးခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ ပြာပုံအတိ ဖြစ်နေသည့် တောင်ဈေးအား စစ်ကောင်စီတပ်က လွိုင်ကော်မြို့ တည်ငြိမ်အေးချမ်းနေသ ယောင် ဝါဒဖြန့်လို၍ ဇွန်လလယ်အတွင်း အရေးပေါ်  ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။