သံတွဲ မြို့နယ်အတွင်း လက်နက်ကြီးကြောင့် လူ ၅ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။ 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မြုံပြင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မြုံပြင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဇူလိုင် ၂ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟု ဒေသခံများက ပြောသည်။ 

အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက “ကျနော်တို့ကြားတာတော့ အေအေရှိတယ်ဆိုပြီး သတင်းပေး ဒလန်ရှိလို့ ရွာကိုလာကြဲတာလို့ သိရတယ်။ ကျနော်တို့ရွာမှာ ဘာအေအေမှမရှိပါဘူး။ စစ်ရှုံးလို့ အရပ်သား တွေ ကို တိုက်ခိုက်တယ်လို့ပဲ မြင်တယ်။ အခု ဒဏ်ရာရ အမျိုးသမီးတွေထဲ ကလေးတွေတောင်ပါတယ်” ဟု ပြော သည်။ 

ဒဏ်ရာရရှိသူများမှာ မယုယမြင့်မွန် အသက်(၁၄ ) နှစ်၊ မကြည်ဖြူခင် အသက် (၁၈)နှစ်၊  မဝေဝေထွေး အသက် (၂၁) နှစ်၊ ဒေါ်မြလေးစိန် အသက် (၄၆) နှစ်နှင့် ဦးသိန်းဟန် အသက် (၇၆) နှစ်တို့ ဖြစ်ကြသည်။ 

ထို့အပြင် လူနေအိမ် နှစ်လုံးလည်း ပျက်စီးသွားသည်ဟု ဆိုသည်။

မြုံပြင်ကျေးရွာသည် သံတွဲမြို့အထွက် တောင်ကုတ် – သံတွဲကားလမ်း‌ဘေးတွင် တည်ရှိ‌သော ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၆၀ ခန့်၊ လူဦးရေ ၄၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်သည်။ 

မြုံပြင်ကျေးရွာ အနီးတွင် ဗားဒါင်း စစ်ဆေးရေးဂိတ်ရှိပြီး အဆိုပါ စစ်ဆေးရေးဂိတ်မှလည်း လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်သည်ဟု ဒေသခံများက ပြောသည်။ 

လက်ရှိမှာ သံတွဲမြို့နယ်၊ ငပလီအခြေစိုက် ခလရ (၅၅) တပ်ရင်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက် တိုက်ပွဲများနှင့် လေကြောင်းမှ ပစ်ခတ်မှုများကြောင်း ဒေသခံ သောင်းချီ စစ်ဘေးရှောင်နေကြသည်ဟု ဒေသခံ များက ဆိုသည်။ 

အလားတူ ဇွန်လ ၂၉ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ယခုနှစ် ဇွန်လ ၈ ရက်နေ့အထိ ကာလအတွင်း အရပ်သား ၃၁၉ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၄၆ ဦးနှင့် ဖမ်းဆီးခံထားရသည့်အရပ်သား ၄၅၂ ဦး အထိရှိ ကြောင်း ဇွန်လ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ဓါတ်ပုံ – Arakan Princess Media