ထားဝယ်လမ်းတွင် ရဲနှင့် ပျူစောထီးများအား စောင့်ကြိုပစ်ခတ်၊ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။ 

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အတွင်းရှိ ထားဝယ် – မြိတ် ကားလမ်းမကြီးပေါ်တွင် အိမ်စီးကားဖြင့် လိုက် ပါလာသည့် ရဲနှင့် ပျူစောထီးများကို စောင့်ကြိုပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေါင်းညီ‌နောင် စစ်ကြောင်း၏ တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ အိမ်စီးကားနှစ်စီးနှင့် လာသည့်ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပေါင်း ၁၀ ဦးခန့်ကို ဒေါင်းညီနောင် စစ်ကြောင်းက လက်နက်ငယ်များဖြင့် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်က စောင့်ကြို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် သရက်ချောင်းဒေသခံ ပျူစောထီး တစ်ဦး သေဆုံးပြီး ရဲမေတစ်ဦး အပါအဝင် နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဒေါင်းညီ နောင်စစ်ကြောင်း၏ တပ်ဖွဲ့ဝင်တစ်ဦးက အိမ်စီးကားနဲ့ သွားမယ်ဆို တာ သတင်းရလို့ တမင် စောင့်ပစ်ခဲ့တာပါ ဟု ပြောသည်။

ပြန်လည်ပစ်ခတ်မှုမျိုး မရှိသည့်အတွက် ဒေါင်းညီနောင်စစ်ကြောင်းဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု ဆိုသည်။

ကားမောင်းပြေးသွားသည့် ရဲနှင့် ပျူစောထီးများက ဥတ္တူတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ရောက် ရှိချိန်တွင် သေနတ်များဖြင့် ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်ခဲ့သေးသည်ဟု ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအစတွင်လည်း ရေဖြူအခြေစိုက် ခမရ – ၄၀၇ တပ်ရင်းမှ ထွက်ခွာလာသည့် အိမ်စီးကား တစ်စီးကို ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် DNLA နှင့် ရေဖြူ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့က မောင်မယ်ရှောင် ကျေးရွာအနီးတွင် ပစ်ခတ်ခဲ့ကြသေးသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးဇင်ဝင့်အောင် ဆိုသူ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ကားပေါ်တွင် ပါလာသည့် ၎င်း၏ဇနီးသည်နှင့် ကလေးငယ်နှစ်ဦးကို YPPDF က ပြန်လွှတ်ပေးလိုက်သည်ဟု တာဝန်ရှိသူက ဆို သည်။