လားရှိုးတိုက်ပွဲအတွင်း ကလေး ၃ ဦးအပါအဝင် ဒေသခံ ၁၃ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်ကြောင့် ကလေး ၃ ဦး အပါအဝင် ဒေသခံ ၁၃ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
လားရှိုးမြို့ရှိ ရပ်ကွက် – ၅၊ ရပ်ကွက် – ၉ နှင့် ရပ်ကွက် – ၁၁ တို့ထဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံများ ထိမှန်သေဆုံးခဲ့သည်။
ဒေသခံ အမျိုးသား တစ်ဦး က “ဒီနေ့မနက်က တစ်လုံးထပ်ကျတယ်။ သားအမိထိပြီး သေတယ်” ဟု ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုများကြောင့် လားရှိုးမြို့ရှိ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာမှ ဒေသခံများ ယခုကဲ့သို့ ထိခိုက်သေဆုံး ဒဏ်ရာ ရရှိခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ ဇူလိုင်လ ၄ ရက်နေ့ (ထိုနေ့) နံနက်ပိုင်းတွင် ရပ်ကွက် – ၁၁ ရှိ ပညာရေးကောလိပ်အနောက် အုတ်ကွင်း ထဲသို့လည်း လက်နက်ကြီးကျည် ၁ လုံး ထပ်မံကျရောက် ပေါက်ကွဲခဲ့ရာမှ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံး သွားသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ ဇူလိုင်လ ၃ ရက် နေ့၊ ညနေ ၅ နာရီဝန်းကျင် အချိန်၌လည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပန်အုပ်ဘုန်းကြီးကျောင်းနှင့် မန္တလေးလမ်းဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ရာမှ ဒေသခံ ၁ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံဒေသခံတစ်ဦးက ပြောသည်။
“ကျနော်ရောက်တဲ့အချိန်မှာ ဖြစ်သွားတာ။ မန်လေးလမ်းဘက်မှာ တစ်လုံးကျတော့။ အဖွား ၄ ယောက်ထိ တယ်။ တစ်ဆက်ထဲမှာပဲ ကျောင်းထဲပြန်ကျတော့ တစ်ဦးသေ ကိုရင်သုံးပါးနဲ့ အမျိုးသမီး ၃ ယောက် ဒဏ်ရာ ရသွားတယ်။ စစ်တပ်ကပစ်လာတဲ့ လက်နက်ကြီးကျတာ”ဟု မြို့ခံတစ်ဦး ဆက်ပြောသည်။
ဇူလိုင်လ ၃ ရက်နေ့က ဗျူဟာလမ်းရှိ နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့သည် အတွက် မိသားစုဝင် ၆ ဦး သေဆုံးခဲ့သေးသည်။
ထို့အတူ နမ့်ပေါင်ကျေးရွာ၌လည်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
လားရှိုးမြို့အတွင်းရှိ လက်နက်ကြီးနှင့် ရှော့တိုက်ဒုံး ကျရောက်သည့် နေရာများမှာ ရပ်ကွက် (၁) ဗျူဟာလမ်း ၁ လုံး၊ ရပ်ကွက် (၇) ဂျာမိုင်ကျေးရွာ သူကြီးအိမ်ဘေး ၁ လုံး၊ ရပ်ကွက် (၁၀) မီးပွိုင့်အနီး ၁ လုံး၊ ရပ်ကွက်(၁၀) သရဖီလမ်း ၁ လုံး၊ ရပ်ကွက်(၁၀) တောရကျောင်းနား ၁ လုံး၊ ရပ်ကွက်(၁၁) ငေါက်ကွင်း ၁ လုံး၊ ရပ်ကွက်(၅) က ၂ လုံးနဲ့ ရပ် ကွက်(၉) ၁ လုံးနှင့် ရပ်ကွက်(၁၂) လားရှိုးကြီးစျေးအနီး ၁ လုံး ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။