တောင်ကုတ်ဗုံးကြဲမှု ဓမ္မာရုံ ပျက်စီး၊ တိရစ္ဆာန်များ သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။ 

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ ပေါက်အင်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲခဲ့သည့်အတွက် တိရစ္ဆာန်များ သေဆုံးခဲ့ပြီး ကျေးရွာရှိ ဓမ္မာရုံပါ ပျက်စီးသွားသည်ဟု ဒေသခံများက ပြော သည်။

တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ဇူလိုင်လ ၄ ရက်နေ့ က စစ်ကောင်စီတပ်သည် ပေါင်အင်းကျေးရွာထဲကို ဗုံး ၂ လုံး ကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက နေ့လည် ၂ နာရီလောက် ဂျက်ဖိုက်တာနဲ့ ဗုံး၂လုံးပစ်ချသွားတာ။တိုက်ပွဲလည်းလုံးဝမရှိဘူး၊ တမင်ဗုံး လာ ချသွားတာ။ အိမ်မွေးတိရိစ္ဆာန်တွေသေကြတယ်၊ရွာက ဓမ္မာရုံလည်းပျက်စီးသွားပြီ ဟု ပြောသည်။

ထိခိုက်ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းထဲတွင် စစ်ဘေးရှောင်များ နေထိုင်လျက်ရှိပြီး လူထိခိုက်သေဆုံး မှုများ ရှိနိုင်သည်ဟု ပြောဆိုမှုများ ရှိသော်လည်း သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပေါက်အင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဇူလိုင် ၄ ရက် (ယမန်နေ့) မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံး ကြဲချခဲ့‌သည်။

အဆိုပါ ပေါက်အင်း ဘုန်းတော်ကြီးကျောင်းတွင် တောင်ကုတ်၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်တို့မှ စစ်ဘေးရှောင် ပြည် သူ အယောက် ၃၀၀ ကျော် ခိုလှုံလျှက် ရှိသည်။

ပေါက်အင်းကျေးရွာနှင့် အနီးတဝိုက်ကို ေဖေဖော်ဝါရီ ၁၄ ရက်နေ့လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ကောက်ယူထားသော သတင်း အချက် အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၃) ဦးနှင့် အမျိုးသား (၃၃) ဦး စုစုပေါင်း (၅၆) ဦး သေဆုံး ခဲ့သည်ဟု ဆိုသည်။

အဆိုပါ (၅၆) ဦးအနက် ရခိုင်ပြည်နယ်က (၂၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဇွန်လ အတွင်း စုစုပေါင်း ၉၆ ဦးအထိရှိပြီး ရခိုင်တွင် ၃၈ ဦးအထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဓါတ်ပုံ – ပေးပို့