စစ်ကောင်စီဖမ်းသွားသော လူရှစ်ဦးအနက် တစ်ဦး သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။ 

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားသည့် ပြည်သူ ရှစ်ဦးအနက် တစ်ဦးကို သတ်ဖြတ်ထားသည်ဟု ရွာသားများက ပြောသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီကျေး ရွာအုပ်စုမှ ရေနက်ဆိပ်ကမ်းဘက်သို့ ဦးတည် စစ်ကြောင်းထိုး လာ သည့် စစ်ကောင်စီ စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသူ ရှစ်ဦးအနက် ခေါင်ပြန်ကျေးရွာသား တစ်ဦး၏ ရုပ်အလောင်းကို ရေချောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံရွာသားများက ဆိုသည်။ 

သေဆုံးသွားသူမှာ အသက် ၃၉ နှစ်အရွယ် ကိုနိုင်နိုင် ဆိုသူဖြစ်ပြီး သူ၏ အလောင်းကို စစ်ကောင်စီတပ်က နှိပ်စက်ထားသည့် ဒဏ် ရာများနှင့်အတူ ခေါင်ပြန်ကျေးရွာ သုဿန်ဟောင်းအနီးရှိ ရေချောင်းထဲတွင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုနိုင်နိုင်၏ မိသားစုဝင်တစ်ဦးက မျက်ခုံးမှာလည်း ဓားနဲ့လှီးထားတယ်၊ နောက်ကျောဘက်မှာလည်း ဓားနဲ့ ထိုးထားတာတွေ အများကြီး တွေ့ရတဲ့အပြင် လည်ပင်းမှာလည်း ဓားဒဏ်ရာတွေ တွေ့ရတယ်။ အတွင်းခံ ဘောင်းဘီနဲ့ သစ်ကိုင်းချိတ်ပြီး ဆက်မမျှောသွားတာ။ ခန္ဓာကိုယ်တစ်ခုလုံး မြင်ရက်စရာမရှိဘူး။ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေချည်းပဲဟု ပြောသည်။ 

ကျေးရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသေးတာကြောင့် ကိုနိုင်နိုင်၏ ရုပ်အလောင်းကို ရွာထဲသို့ မသယ် ဆောင်လာတော့ဘဲ တာလပတ်နှင့် ထုပ်ပိုးပြီး ခေါင်ပြန်ကျေးရွာ အနောက်ဖက်ကမ်းတွင် ရှိနေသည့် သင်္ချိုင်းတွင် ချက်ချင်းမြုပ်နှံ၍ သင်္ဂြိုလ်လိုက်ရသည်ဟု ကိုနိုင်နိုင်၏ မိသားစုဝင်များက ပြောသည်။ 

ကိုနိုင်နိုင်နှင့် ဖမ်းဆီးခံရသူများသည် ဇူလိုင် ၁ ရက်နေ့၊ ညနေပိုင်းက ခေါင်ပြန်ကျေးရွာအတွင်း စစ်ကောင်စီ စစ်ကြောင်း နှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ရွာသားများ ဆိုသည်။

သေဆုံးသူ ကိုနိုင်နိုင်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း ရွာသားများက ပြောသည်။ 

ကိုနိုင်နိုင်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် ဇာဒီကျေးရွာ နှင့် ခေါင်ပြန်ကျေးရွာတို့မှ စုစုပေါင်း ရှစ်ဦး ရှိနေပြီး ကျန်ရှိနေသူများအား လက်ရှိအချိန်အထိ စစ်ကောင်စီတပ်မှ စစ်ယူနီဖောင်းများ ပေးဝတ်ကာ စစ်ကြောင်းထိုးရာတွင် အရှေ့မှ ပေးသွားကာ လူသားဒိုင်းသဖွယ် လုပ်နေသည်ဟု ရွာသားများက ပြောသည်။ 

ထို့အပြင် ဆိုပါ စစ်ကောင်စီ စစ်ကြောင်းက ဇွန်လ ၂၃ ရက်နေ့မှ စတင်၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုများကို လုပ်ဆောင်လာသည့်အပြင် ဇူလိုင်လ ပထမပတ်ထဲအထိ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာသားများ စစ်ဘေးရှောင် နေကြရသည်။

စစ်ရှောင်နေကြရသည့် ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော် စသည့် ကျေးရွာများထဲရှိ နေအိမ်များကို စစ်ကောင်စီ တပ်သားများက ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းများ ဓမ္မယူဆောင်သွားခဲ့ကြောင်း ရွာသားများက ပြောသည်။