ဝမ်းရေးဖြေရှင်းရန် ရှမ်း-ကယား နယ်စပ်ရောက် စစ်ရှောင်များ ငရုတ်စိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

ရှမ်း-ကယား နယ်စပ် ဖယ်ခုံမြို့နယ်ရောက် ကရင်နီ စစ်ရှောင်များသည် စားဝတ်နေရေးကို ဖြေရှင်းနိုင်ရန် ငရုတ်စိုက်ပျိုးသည့် အလုပ်ကို လုပ်ကိုင်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ စနှိုက်ခေါင်းစံကျေးရွာတွင် ရောက်ရှိနေသည့် ကရင်နီ စစ်ဘေးရှောင် များသည် ရွာခံများ မလုပ်စားသေးသည့် မြေလွတ်/မြေရိုင်း တောင်ယာမြေများတွင် စားသုံးရန် ဟင်းသီးဟင်း ရွက်များအပြင် ဝင်ငွေရရှိနိုင်သည့် ငရုတ်ပင်များကို ပိုမို စိုက်ပျိုးနေသည်ဟု စစ်ဘေးရှောင် ဦးဖိလစ် က ပြော သည်။

ဦးဖိလစ်က “ငရုတ်ဆိုတာ စားဖို့လည်း ဖြစ်တယ်။ နောက်ပြီးတော့ သူက ဈေးလည်း ကောင်းတယ်ပေါ့နော်။ ဈေးကောင်းတယ် နောက်တစ်ဖက်ကလည်း ဝင်ငွေ မိသားစု ဝင်ငွေ အတွက်လည်း စိုက်တယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် ဒေသတွင်းက စစ်ရေးပဋိပက္ခ များကြောင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ စစ်ရှောင်လာကြသူများ ဖြစ်သည်။

စစ်ဘေးရှောင်များ အနေဖြင့် မြေငှားရန် မလိုဘဲ စနှိုက်ခေါင်စံကျေးရွာရှိ မြေလွတ်/မြေရိုင်းများနှင့် တောင်ယာ မြေများတွင် ရွာခံများက စိုက်ပျိုးရန် ခွင့်ပြုထားသည်ဟု ဆိုသည်။

ငရုတ်စိုက်ပျိုးရာတွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို စစ်ဘေးရှောင်တစ်ဦးက ယခုကဲ့သို့ ပြော သည်။

ဒီတစ်နှစ် မိုးတအားများ နေကမပွင့်တော့ ငရုတ်ပင်တွေက တက်တာနဲ့ ဝါကျ သွားတယ်။ ငရုတ်သီးက ပြီးခဲ့တဲ့ နှစ်ကလောက် မထွက်နိုင်ဘူး လို့ထင်တယ်။ အပင်ဆိုတဲ့ မျိုးက နေရောင်ခြည် လိုတယ်လေ။ ဒီတစ်နှစ်က မိုးတ အားများတာလည်း မဟုတ်ဘူး တအားကြီးတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ တအားဖွဲတယ် နေရောင် သိပ်မတွေ့ ဘူးပေါ့နော်။ အဲ့ဒါကြောင့် စိုက်ပျိုးရေးသမားတွေက သူတို့ တော်တော်လေး အခက်အခဲ တွေ့တယ်။” 

တောင်ယာထဲတွင် သီးနှံစိုက်ပျိုးလျှင် တစ်နှစ်ကို ပေါင်း(မြက်) အနည်းဆုံး သုံးကြိမ်ခန့် ရှင်းလင်းကြရပြီး ငရုတ် ခင်းကိုမူ တစ်နှစ်လျှက် ၇ ကြိမ်ခန့်အထိ ရှင်းလင်းပေးရသည်ဟု စစ်ရှောင်များက ဆိုသည်။

တောင်ယာထဲတွင် ငရုတ်အပြင် စားသုံးရန်အတွက် သခွားနှင့် မုန်ညှင်း အစရှိသည့် ဟင်းသီးဟင်းရွက်များကို လည်း စိုက်ပျိုးထားကြသည်ဟု ပြောသည်။

ငရုတ်သီး ပေါ်ချိန်တွင် ဝင်ငွေရှိရန် ဈေးကွက်အထိ သွားရောက် ရောင်းချရန်မလိုဘဲ ပွဲစားများက နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် ဈေးနှုန်းဖြင့် ရွာထဲအထိ လာရောက်ဝယ်ယူကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပွဲစားတွေက ရွာထဲထိ လိုက်ဝယ်ပေးတယ်။ ငရုတ်သီး အခြောက် တစ်ပိဿာကို ၃သောင်း ပတ်ချာလည်မှာရှိ တယ်။ တစ်ခါတစ်လေ ၄သောင်းထိ တက်တယ်။ ဒါပေမဲ့ ပုံမှန်ဈေးကတော့ ၃သောင်းနဲ့ပဲ အဆင်ပြေတာပေါ့ နော်။ အဝေးကြီး သွားရောင်းစရာမလိုဘူး ပေါ့နော်။

ယခုနှစ်အတွက် စိုက်ပျိုးထားသည့် ငရုတ်သီးများထဲမှ အာဝါးသီး ခေါ်  (ငရုတ်) ကုလားအော်သီး အမျိုးအစားမှာ ပြည်ပဝယ်လိုအား များလာလျှင် ကျပ် ၄ သောင်းမှ ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နိုင်သည်ဟု စိုက်ပျိုးရေး အကြောင်းနာလည်သူ စစ်ရှောင် ဦးဖိလစ်က ဆိုသည်။

တောင်ယာ လုပ်ကိုင်ကြသည့်အတွက် သဘာဝသစ်တောများ ပျက်စီးစေသည့်အပြင် လုပ်အားခနှင့် ပြန်လည် ရရှိသည့် သီးနှံများမှာ မမျှသော်လည်း အခက်အခဲများကြားက ကြိုးစား လုပ်ကိုင်နေကြရခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်များက ပြောသည်။

ဓါတ်ပုံ – ဒို့မြေ Land In Our Hand