မြသိန်းတန် ဘုရားအနီး ကျေးရွာများ မီးရှို့ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
စစ်ကိုင်းမြို့နယ်အတွင်းက မင်းကွန်းကျေးရွာ အပါအဝင် မြသိန်းတန်ဘုရား အနီးရှိ ကျေးရွာ များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ကျေးရွာများကို စစ်ကောင်စီတပ်က ဇူလိုင် လ ၂၃ ရက်နေ့၊ နေ့လည်ပိုင်း ၁၂ နာရီ အချိန်ခန့်မှ စတင်ကာ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေသခံ တစ်ဦးက “မန္တလေးကနေ သံခွန်နဲ့လာတဲ့ စကစတွေနဲ့ စစ်ကိုင်းဘက်ကလာတဲ့ စကစတွေပေါင်းပြီး မင်း ကွန်းတစ်ဝိုက်မှာ မီးရှို့နေတာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒီလိုပဲ နယ်မြေရှင်းလင်းရေး လုပ်နေတာ။ မန္တလေး ဘက်ကို စစ်ကိုင်းဘက်က တက်မှာ ကြောက်လို့ ကြိုပြီးတော့ ရှင်းတဲ့ သဘောထင်တယ်” ဟု ပြောသည်။
စစ်ကိုင်းမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြီးခဲ့သည့် အပတ်ကတည်းက မန္တလေးမြို့မှ သံခွန် မော်တော်ယာဥ်များနှင့် ထွက်လာသော စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းကာ ရွာစဥ် စစ်ကြောင်းထိုး မီးရှို့ နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
မင်းကွန်းကျေးရွာအတွင်း အထိုင်ချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာတောင်ပိုင်း၊ မြောက်ပိုင်း၊ ရွာသစ်နှင့် ရှားရှောင်း စသည့် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးနေသည်ဟု ဝက်လက် သတင်းကွန်ရက် Wetlet Informational Network က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိ မင်းကွန်းကျေးရွာ အပါအဝင် အနီးတစ်ဝိုက်တွင် ရှိသည့် ကျေးရွာအများစုက ဒေသခံများမှာမူ ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များ၏ အခြေအနေနှင့် နောက်ဆက်တွဲ ကိစ္စရပ်များကို အသေးစိတ် အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်အပတ် စဥ့်ကူးမြို့ သိမ်းပိုက်ခံရသည့် အချိန် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ဧရာဝတီမြစ်ရေ တက်လာသည်ကို အခွင့်ကောင်းယူပြီး မြစ်ကြောင်းကို အဓိက အသုံးပြု၍ မြစ်ရိုးတစ်လျှောက် စစ်ရေးလှုပ်ရှားနေသည်ဟု ဒေသခံများက ပြောသည်။
ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက အကြီးကြီးတော့ မဖြစ်ဘူး။ တောက်လျှောက် မန္တလေးကနေ စစ်ကိုင်းအထိလာပြီး သင်္ဘော ၅ စီးနဲ့ ရေကြောင်း လှုပ်ရှားတာက တစ်ပတ် လောက် ရှိပြီ။ မင်းကွန်းရဲ့ အထက်နားက ရွာတွေကိုလည်း ကာကွယ်ရေး တပ်တွေဘက်က သိမ်းထားတော့ မတ္တရာ လမ်းကြောင်းကလည်း ပွင့်သွားပြီကိုး။ သူတို့ လှုပ်ရှားစရာ ရေကြောင်းပဲ ရှိတာကို ထိုင်လည်း မထိုင်ရဲ ဘူးလေ” ဟု ပြောသည်။
စစ်ကိုင်းမြို့ မင်းကွန်းဒေသသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ တည်ရှိပြီး စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း အစပ်တွင် တည်ရှိသည်။
တော်လှန်ရေး အင်အားစုများ စစ်ဆင်ရေး ဆောင်ရွက်နေသည့် မတ္တရာမြို့၏ ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာ သာ တည်ရှိပြီး အချိန်အားဖြင့် တစ်နာရီဝန်းကျင်သာ သွားရသည့် အကွာအဝေးဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်သည် ဇူလိုင် ၁၇ ရက်နေ့တွင် စဥ့်ကူးမြို့ကို မန္တလေး PDF နှင့် ပူးပေါင်းအဖွဲ့ များထံ လက်လွှတ် ခဲ့ရပြီး ကာကွယ်ရေးတပ်ဘက်က မန္တလေးတိုင်းအတွင်း ပထမဆုံး မြို့တစ်မြို့ကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်စဉ် အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။
ဇူလိုင်လ ၆ ရက်နေ့တွင်လည်း မင်းကွန်း နယ်မြေရဲစခန်းကို တော်လှန်ရေး အင်အားစုများက ဝင်ရောက် တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများ ရှိခဲ့ပြီး အဆိုပါတိုက်ပွဲထဲ မန္တလေးတိုင်း မတ္တရာမြို့နယ်ဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။