စစ်ကိုင်းမြို့နယ်အတွင်း အိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။
စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာနှစ်ရွာ မီးရှို့ခံရမှုတွင် နေအိမ် အလုံးရေ ၃၀ ကျော် မီးလောင်ပျက်စီး သွားသည်ဟု ဒေသခံများနှင့် တာဝန်ရှိသူများက ပြောသည်။
မင်းကွန်းခေါင်းလောင်းတည်ရှိရာ ဧရာဝတီမြစ် အနောက်ဘက်ကမ်း မင်းကွန်းကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ရှားရှောင်းကျေးရွာရှိ နေအိမ် ၂၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဝက်လက်သတင်းကွန်ရက် Wetlet Informational က ဓါတ်ပုံပုံများနှင့်တကွ သတင်း ထုတ်ပြန် ထားသည်။
Wetlet Informational က တာဝန်ရှိသူတစ်ဦးက “မနေ့က ၁၂ နာရီဝန်းကျင်မှာ မင်းကွန်းမှာရှိတဲ့ အထိုင် ရဲစခန်းက ထွက်ရှို့တာတဲ့။ ထွက်မရှို့ခင်မှာတော့ ဒီဘက်က ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်တယ်လို့တော့ သိရ တယ်။ ဒါပေမဲ့ တိုက်ပွဲအခြေနေ အတိအကျတော့ မသိရဘူး” ဟု ပြောသည်။
ကျေးရွာများကို မီးမရှို့ခင် ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် မင်းကွန်းကျေးရွာရှိ အထိုင်ရဲစခန်းမှ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား ထိတွေ့မှုရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။
ထို့နေ့ (ဇူလိုင်လ ၂၃ ရက်နေ့) ထိတွေ့မှုဖြစ်ချိန်တွင် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်းကြောင့် ကျေး ရွာများကို စီးနင်းမီးရှို့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကသုံးသပ်ကြသည်။
စစ်ကိုင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “အဲ့နေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ပျူတစ် ယောက် ရဲတစ်ယောက်တဲ့ အဲ့ဒါကို ဝင်ပစ်ကြတာ။ ပျူတစ်ယောက်သေတယ်။ ကျနော်ထင်တယ် သူတို့ဘက်က အထိနာလို့ အဲ့ရွာတွေကို ပတ်ရှို့တာ” ဟု ပြောသည်။
မင်းကွန်းကျေးရွာ ရဲစခန်းအတွင်း ရဲတပ်သားများအပြင် စစ်ကောင်စီ လက်အောက်ခံ စစ်သား နှင့် ပျူစောထီး အဖွဲ့ဝင်များ အထိုင်ချထားသည်ဟု ဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ကလည်း အဆိုပါ မင်းကွန်းကျေးရွာရှိ အထိုင်ရဲစခန်းကို တော်လှန်ရေး အင်အားစုများ က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ပြောသည်။
ထို့အပြင် ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် နှင့် မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင် အချိန်ခန့်တွင် မင်းကွန်း ကျေးရွာနှင့် ၂ နာရီကြာ အကွာအဝေးရှိသည့် ဆားတောင်ကျေးရွာ တစ်ဝိုက်ကို စစ်ကောက်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဆားတောင်ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ် အခြေအနေ ကို အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမြို့နှင့် ၅၄ မိုင်ခန့်သာ ကွာဝေးသည့် စဥ့်ကူး မြို့ ဆုံးရှုံး လိုက်ရသည့်အချိန်မှ စ၍ ဧရာဝတီမြစ်ကြောင်းမှ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း မြစ်ဘေး တစ်လျှောက် သံခွန်မော်တော်ယာဥ်များဖြင့် စစ်ရေးလှုပ်ရှားသည်ဟု ဒေသခံများက ဆိုသည်။