ချောင်းဦး တိုက်ပွဲ ပြီး စစ်ကောင်စီက လေကြောင်းမှ ထပ်မံ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံး ပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူကျေးရွာတစ်ဝိုက်တွင် ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး ပူးပေါင်းတပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “ဖြစ်စဥ်ကတော့ မနေ့ကပေါ့ ကံကြီးကုန်းပျူရွာက ကာကင်းထွက်လာတာ ကျနော်တို့ကလည်း နယ်မြေ စိုးမိုးဖို့ တိုးကြတာပေါ့။ အဲ့မှာထိတွေ့မှု ဖြစ်ကြတာ ၅ မိနစ်ပဲ။ အဲ့မှာသူတို့ဘက် က မျက်မြင် ၃ ကောင် ကျသွားတာ။ အဲ့ဒါ နေ့လည်ပိုင်းလောက်မှ နမခကနေ mi 35 တစ်စီးနဲ့ လာကြဲတာပဲ” ဟု ပြောသည်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှု အချို့ရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဘက်က ပြောသော်လည်း အခြေအနေ အသေးစိတ်ကိုမး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကံကြီးကုန်းပျူကျေးရွာနှင့် တစ်မိုင်အကွာရှိ ရွှေလှေကျေးရွာမှ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး အသက် ၉၀ ကျော်အရွယ် အဘိုးအိုတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ကံကြီးကုန်းပျူကျေးရွာသည် စစ်ကောင်စီတပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ပျူကျေးရွာ အဖြစ် နာမည် ကြီးလာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး စုစုပေါင်း အင်အား ၆၀ ကျော် အထိုင်ချထား သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ကံကြီးကုန်းပျူရွာက ဒီနေ့တော့ ငြိမ်နေတယ်။ ဒါပေမဲ့ ရေ ကြောင်းကနေတော့ ဒီနေ့ ရိက္ခာလာပို့သွားတယ်။ ရေကြောင်းအတိုင်းလာတဲ့ ဖလက်ခွန်တွေနဲ့ လက်နက်ကိုင် အင်အားပဲ ကို ၆၀ ဝန်းကျင်လောက် ရှိတယ်။ ကံကြီးကုန်းရွာက ဘုန်းကြီး ဦးဆောင်တာပေါ့” ဟု ပြောသည်။
ကံကြီးကုန်းပျူကျေးရွာသည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းဘေး၌ တည်ရှိပြီး စစ်ကောင်စီအတွက် စစ်ရေးအရ အချက်အချာကျသည့် ကျေးရွာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း ချောင်းဦးမြို့နယ်၊ ချောင်းဦး-မုံရွာ ကားလမ်းမပေါ်ရှိ နတ်ရေကန် စစ်ကောင်စီ ဂိတ်ကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သေးသည်။
ဓာတ်ပုံ- Chaung U People’s Defence Force