စစ်သားများ လိုက်ပါလာသော ကျောင်းကားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့သည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ ကျောင်းကြိုပို့ယာဉ်တွင် ကျောင်းသားများ ပါဝင်ခြင်းမရှိဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သီးသန့်စီးနင်းလာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
YPPDF တပ်ဖွဲ့တာဝန်ရှိသူက “တပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြောက်ကျားနည်းနဲ့ မြို့ပေါ်လို့ ပြောလို့ရတဲ့နေရာမှာ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်မှုနဲ့ အကျအဆုံးတွေ ရှိပေမဲ့ ပြည်သူ့ ကာကွယ် ရေးတပ်ဘက်က အထိအခိုက် မရှိခဲ့ပါဘူး။ အရပ်သားပြည်သူ ထိခိုက်မှုကိုတော့ စိတ်မကောင်းဖြစ်ရပါတယ်” ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကျောင်းကြိုပို့ကားအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၂ ရက်နေ့၊ ညနေပိုင်းက တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ ပြန်လှန်ပစ်ခတ်ခဲ့သည့် ကျည်ထိမှန်မှုကြောင့် သက်တော် ၄၀ အရွယ်ရှိ သံဃာတော်တစ်ပါးပျံ လွန်တော်မူခဲ့ပြီး ခြံထဲမှထွက်လာသည့် အသက် ၄၈ နှစ်အရွယ် ဦးသက်ဆွေ ဆိုသူလည်း ပွဲချင်းပြီးသေဆုံးခဲ့ သည်။
သေနတ်ထိမှန်သည့် သံဃာတော်သည် နံရိုးကြားမှ ကျည်ဖေါက်ဝင်ခဲ့ခြင်းကြောင့် အူပြတ်ထွက်ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီးတွင် အူပြန်ဆက်ပြီးသော်လည်း ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပျံလွန်တော်မူသွားခဲ့ ခြင်း ဖြစ်သည်။
ထို့အပြင် ရေဖြူမြို့က နေရာသစ်အမည်ရှိ စားသောက် ဆိုင်အနီး၌ ကွမ်းယာဆိုင်ဖွင့်ထားသည့် ဒေါ်ဂျက် ဆိုသူ နှင့် ကွမ်းယာလာဝယ်သူ သံဃာတော်တစ်ပါးတို့မှာလည်း ထိမှန်ဒဏ်ရာများ အပြင်းအထန်ရခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF နှင့် ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ် တော် – DNLA တပ်ခွဲ (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဘက်ကြား အပြန်အလှန် တိုက်ခိုက်ခဲ့မှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု YPPDF တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။
နှစ်ဘက်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်များက MA – 3 သေနတ် (၄)လက်၊ ကျည် ဘောက် (၁၂)ခု၊ အီနာဂါ ဗုံးသီး (၇)လုံး၊ လက်ပစ်ဗုံး (၄) လုံး၊ကျည် (၄၀၀) တောင့်နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။
တိုက်ပွဲအတွင်း အနီးအနားမှာရှိသည့် စစ်ကောင်စီတပ်ရင်းဘက်မှ လက်နက်ကြီး ပစ်ကူပေးခဲ့သည်ဟု YPPDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ ပစ်ခတ်မှုအပြီး ရေဖြူ အရှေ့ဘက်ကမ်းရှိ တံတားထိပ်ကို စစ်ကောင်စီ တပ်သား အယောက် ၂၀ ခန့် ရောက်ရှိလာပြီး သဲအိတ်များနှင့် ဘန်ကာဆောက်ကာ အထိုင်ချနေခဲ့ကြောင်း မြို့ခံ များက ပြောသည်။
စစ်ဆင်ရေးများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်နေခြင်းကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးသတိ/အသိဖြင့် သွားလာနေထိုင်ကြပါရန် တိုက်တွန်းနိုးဆော်ကြေငြာချက်ကို ဇူလိုင်လ ၂၄ ရက် နေ့တွင် ရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ – YPPDF မှ ထုတ်ပြန်ထားသည်။