ကျွန်းစုမြို့နယ်တွင် ၅ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း (၂) စစ် ကြောင်းတို့ကြား ၅ ရက်ဆက်ဆိုက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက် အများအပြားထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့က ကျွန်းစုမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် တနင်္သာရီမြို့နယ်ထဲရှိ လယ်သစ်ကျေးရွာကို ဦးတည်ပြီး လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာမှတဆင့် ကျောက်ပုဇွန်တောင် လမ်းကြောင်းကို အသုံးပြုပြီး အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းတစ်ကြောင်းထိုးနေသည့်အပြင် သပြေပင်၊ သထာ၊ ဝါရစ်ကျေးရွာလမ်းကြောင်းတို့ကို အသုံး ပြုပြီး အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းတစ်ကြောင်း ထိုးနေခြင်းဖြစ်သည်ဟု ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြား ရေး တာဝန်ခံက ပြောသည်။
ဇူလိုင်လ ၂၀ ရက်နေ့မှစပြီး ယနေ့အချိန်အထိ ကျွန်းစုမြို့နယ်အတွင်းရှိ ဂျိုးတောင်ကျေးရွာနှင့် ဝါရစ်ကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အသက် ၄၅နှစ်အရွယ် ဝါရစ်ရွာသားတစ်ဦးက “စစ်ကောင်စီတပ်က ရွာထဲမှာ မပြေးသေးဘဲ ပုန်းနေတဲ့ ရွာသား တွေကို အိမ်ထဲကနေ ထွက်လာခိုင်းတယ်၊ ပြီးတော့ရွာမှာ တိုက်ပွဲဖြစ်ရင် တစ်ရွာလုံးမီးရှို့ပစ်မယ်။ အကုန်လုံး ပစ် သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ နောက်ပြီး ရွာထဲကနေ ထွက်သွားခိုင်းတယ်” ဟု ပြောသည်။
ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဝါရစ်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ကြိုတင် ထောင်ထားသည့် မိုင်းကွင်းနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၀၀ နီးပါးခန့် ရောက်ရှိလာခဲ့ရာ တပ်ဖွဲ့ ဝင် ၁၀ ဦး မိုင်းထိသေဆုံးခဲ့သည်ဟု ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေချိန် မင်းဂုတ်ကျေးရွာဘက်မှ တက်လာပြီး ပြင်ဝန်းကျေးရွာအနီးရှိ တနင်္သာရီ မြစ်အတွင်းရပ်ထားသည့် စစ်ကောင်စီ၏ သားပေါက်လှေပေါ်မှ ပစ်ကူပေးခဲ့သေးကြောင်း ဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် PDF တပ်ဖွဲ့ဝင်များ၏ ဝတ်စုံများကို ဝတ်ဆင်လာသူ များလည်း ရှိနေပြီး ပုံမှားရိုက်ကာ စစ်ကြောင်းထိုးနိုင်ချေများ ဆက်ရှိသည်ဟု ပူးပေါင်းစစ်ကြောင်းဘက်က ပြောသည်။
အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဝါရစ် နှင့် ဂျိုးတောင်ကျေးရွာသွား လမ်းဆုံတွင် နှစ်ဖက်အပြန်ကြား ပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့်ကျဆုံးမှုရှိခဲ့သေးသည်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဂျိုးထောင်ကျေးရွာအနီးက မိုင်းဆွဲတိုက်ခိုက်ခံရမှုထဲ စစ် ကောင်စီဘက်က ၇ ဦး၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဝါရစ်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲထဲ စစ် ကောင်စီဘက် ၃ ဦး သေဆုံးခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိသူ ၅ ဦးရှိခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် လယ်သစ်ကျေးရွာတွင် စာသင်ကျောင်း ပိတ်ထားလိုက်ပြီဖြစ်ပြီး
စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းကြောင်း ပေါ်ရှိ မင်းဂုတ်၊ ပြင်ဝန်း၊ စမ်းသစ်၊ ဝါရစ်၊ ဂျိုးတောင်၊ သထာ၊ သပြေပင်စသည့် ကျေးရွာများမှ ရွာသားများလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရသည်။