ကိုယ်ဝန်ဆောင် လင်မယားကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။ 

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းလာသည့် လင်မယားနှစ်ဦးကို စစ်‌ကောင်စီတပ်က အကြောင်းမဲ့ သေနတ်နှင့် ပစ်ခတ်ခဲ့ရာ စိုးရိမ်ဒဏ်ရာများရရှိထားသည်ဟု ရွာသားများက ပြောသည်။

တိုကျေးရွာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆိုင်ကယ်ဖြင့် လမ်းမကြီးပေါ် သွားနေသည့် လင်မယားနှစ်ဦးကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၉နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သွားရောက်ကြည့်ခဲ့သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ယောက်ကျားမှာက နောက်ကျောကုန်းမှာ ထိထားတယ်၊ မိန်းမမှာက ကိုယ်ဝန်ကြီးနဲ့ ဗိုက်မှာထိပြီး အူတွေ ထွက်နေတာ တွေ့ခဲ့ရတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ် ဟု ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသား နှင့် ကိုယ်ဝန် ခုနှစ်လလွယ်ထားသည့် အသက် ၂၈ နှစ် အရွယ် ဇနီးဖြစ်သူတို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူများမှာ ပိတပ်ကျေးရွာတွင် ရေလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ အဆိုပါ ဇနီးမောင်နှံသည် ပိတပ်ကျေးရွာမှ သင်္ကန်းတောကျေးရွာဘက်သို့ သွားသည့်အချိန်တွင် သေနတ်နှင့် ပစ်ခတ် ခံလိုက်ရခြင်း ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သည့် လင်မယား ၂ဦး စလုံးမှာ စိတ်ချရမည့် နေရာတစ်ခုတွင် ဆေးကုသမှု ခံယူနေပြီး အမျိုးသမီးမှာ ကလေး ဆုံးရှုံးရမည့် အနေအထားမျိုး ဖြစ်နေသည်ဟု နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင်လည်း ပိတပ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့မှု ရက်ရှည် ဖြစ်ပွားခဲ့ဖူးပြီး ရွာသားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းများ ရှိခဲ့ကြောင်း ဆိုသည်။

ထိုစဥ်ကတည်းက ရွာသားများမှာ ပိတပ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင် နေကြရပြီး လက်ရှိအချိန်တွင် ရွာသား အချို့ ကျေးရွာထဲ၌ ပြန်လာနေသည်မှာ သုံးလခန့်သာ ရှိသေးသည်ဟု ရွာသားတစ်ဦးက ပြောသည်။

တိုးကျေးရွာရှိ တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က တိုကျေးရွာ အနီးတဝိုက်သို့ လာသည့် ပြည်သူမှန်သမျှကို သေနတ်နှင့် ခြောက်လှန့် ပစ်ခတ်လေ့ရှိသည်ဟု ရွာသားများက ဆိုသည်။

ပိတပ်ကျေးရွာသည် ပင်လယ်ချောင်းဝ အနီးတွင် ရှိနေသည့် ကျေးရွာတစ်ရွာ ဖြစ်ပြီး အိမ်ခြေ ၁၅၀ နီးပါးခန့် ရှိသည်။ 

အများစုမှာ ရေလုပ်ငန်းကို လုပ်ကိုင်ကြပြီး ကျေးရွာထဲမှ နေ၍ ပုလောနှင့် မြိတ်မြို့ပေါ်သို့ သွားရန်အတွက် တိုကျေးရွာကို မဖြစ်မနေ ဖြတ်သန်းသွားလာ ရသည်။