ပြည်သူ့စစ် စုဆောင်းခံရသူ ဆွဲကြိုးချ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။ 

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) မှ ဆန္ဒမပါပဲ တပ်သားသစ် စုဆောင်းခဲ့သူ တစ်ဦးမှာ မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကောင်ပန်တင်း (ကံကော်)ကျေးရွာရှိ အသက် ၃၉ နှစ်အရွယ် ခွန်ကျော့သည် ဇူလိုင်လ ၂၅ ရက် နေ့၊ နေ့လည်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရှေ့တန်းနေရာ၌ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက သူက အစကတည်းက မသွားချင်ဘူး။ လူကြီးတွေက ဖိအားပေးတာပေါ့ နော်။ နှစ်လပဲ သွားလုပ်ပေါ့။ ပြီးရင်ပြန်လာလို့ ရတယ်ပေါ့။ ခုတော့ တစ်လကျော်နဲ့ ကိုယ့်ကိုယ် သတ်သေသွား တယ် ဟု ပြောသည်။

ဇွန်လအတွင်း PNA အဖွဲ့က ကံကော်ကျေးရွာတွင် စစ်မှုထမ်းရန် အရပ်သား ၆ ဦးကို ခေါ်ယူခဲ့ရာ လူစားထိုးစရိတ် ကျပ် တစ်သိန်းခွဲ မပေးဆောင်နိုင်သည့် ခွန်ကျော့က ၂ လတိတိ စစ်မှုထမ်းဆောင်ရန် သဘောတူညီခဲ့ ရခဲ့သည်ဟု ဆိုကြသည်။

ထို့နောက် တာဝန်ထမ်းဆောင်ရန် ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရပြီး တစ်လကျော် ကြာသည့်အချိန်တွင် နေရပ်သို့ ပြန်ပြေးလာခဲ့ရာ PNA အရာရှိများက အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူခဲ့ရသည်ဟု ဆိုသည်။

၎င်း၏ မိတ်ဆွေတစ်ဦးက မသွားချင်တာကို လူကြီးတွေကလည်း အတင်းပို့တယ်။ ရှေးလူကြီးတွေဆိုတော့ စစ်ကောင်စီတွေ၊ တော်လှန်ရေးတွေ သူတို့ မသိဘူး။ သူတို့သိတာက ပအိုဝ်းစစ်သားဖြစ်ရင် ဂုဏ်ယူတယ်ပေါ့။ ပထမတစ်ခါတုန်းကလည်း အတင်းပို့တယ်။ ပြန်ပြေးလာတော့လည်း ထပ်လာခေါ် ထပ်သွားရတော့ စိတ်ထိ ခိုက်ပြီး သတ်သေလိုက်တာ ဟု ပြောသည်။

ခွန်ကျော့မှာ စစ်မှုထမ်းဆောင်စဉ်က PNA ဗျူဟာစခန်းတွင် ရုံးပိုင်းဆိုင်ရာ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုခဲ့သော် လည်း ဗိုလ်ကြီး ခွန်ထွန်းမောင်က လက်မခံဘဲ ရှေ့တန်းကို ပို့လိုက်သည့်အပြင် ၎င်းထွက်ပြေးပြီး နောက်ပိုင်းတွင် လည်း ပြန်လည်ဖမ်းခေါ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

သေဆုံးသူ ခွန်ကျော့မှာ အိမ်ထောင်သည် ဖြစ်ပြီး ဇနီးသည်၊ ကလေး ၂ ဦးနှင့် ၎င်း၏ မိခင်တို့ကျန်ရစ်သည်။ 

လက်ရှိတွင် ကျန်ရစ်သည့် ကလေးနှစ်သီးအတွက် ဇနီးသည်ဖြစ်သူနှင့် ခွန်ကျော့၏ မိခင်ဖြစ်သူတို့က တစ်ဦးစီ ခွဲ၍ တာဝန်ယူသွားရန် စီစဉ်နေကြသည်ဟု နီးစပ်သူများက ပြောသည်။