မိုးဗြဲရေကာတာ ဖွင့်ချ၍ စစ်ရှောင်များ အရေးပေါ် ပြောင်းရွေ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။ 

စစ်ကောင်စီ တပ်ရင်းက မိုးဗြဲရေကာတာကို ဖွင့်ချလိုက်သော ကြောင့် ဒေသခံများ၊ စစ်ရှောင်များ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) တာဝန်ရှိသူက ပြောသည်။

မိုးမြဲမြို့နယ် အခြေစိုက် လက်အောက်ခံ ခမရ ၄၂၂ က ရေကာတာ ဖွင့်ချလိုက်ခြင်း ဖြစ်ပြီး စစ်ရှောင်များနှင့် ဒေသခံပြည်သူများ ပြောင်းရွှေ့ခဲ့ရသည့်အပြင် ၎င်းတို့ စိုက်ပျိုးထားသည့် စပါးခင်း ဧက ၁,၀၀၀ နီးပါးခန့်လည်း နစ်မြုပ် ပျက်စီးသွားသည်။ 

IEC အတွင်းရေးမှူး (၂) ဦးဗညားက “စစ်ဘေးရှောင်တွေကလည်း ရေဘေးထပ်သင့်တော့ ထပ်ရှောင်ရတာ ရှိတယ် ပေါ့နော်။ နောက်ပြီးတော့မှ ကျေးရွာမှာလည်း တချို့ရွှေ့နိုင်သလောက်တော့ ရွှေ့ကြတယ်။ ဒါပေမဲ့လည်း တချို့ပစ္စည်းတွေ ကျန်တာပေါ့နော်။ ရေလွမ်းခြင်းခံရတယ်။ စိုက်ပျိုးရေး ဧကထဲကိုလည်း ရေဝင်သွားတဲ့ အတွက်ကြောင့်မို့ အထူးသဖြင့် ဖောင်းတောဘက်မှာ ဆိုရင် ရိတ်သိမ်းလို့ မပြီးသေးတဲ့ စပါးတွေ ကျန်သေး တယ်ပေါ့နော်။ အဲ့ဒါလည်း ရေနဲ့ ပျက်စီးသွားတယ်လို့လည်း ပြောလို့ ရတယ်ပေါ့နော်” ဟု ပြောသည်။

မိုးဗြဲ ရေကာတာကို စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းက ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် ဖွင့်ချခဲ့ရာ ၂၄ နာရီအတွင်း ဘီလူးချောင်းရေသည် ၈ ပေ အထိမြင့်တက်သွားသည်ဟု IEC ၏ အရေးပေါ် သတင်းထုတ်ပြန် ချက်ထဲတွင် ဖော်ပြထားသည်။

မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်လာ၍ စစ်ဘေးဒုက္ခသည်များ စိုက်ပျိုးထားသည့် ဘီလူး ချောင်း တစ်လျှောက်ရှိ လယ်ဧက ၁,၀၀၀ နီးပါး ရေနစ်မြုပ်သွားခဲ့သည်။

စစ်ကောင်စီတပ်သည် တောင်သူလယ်သမားများ၊ ဒေသခံပြည်သူများ နှင့် စစ်ရှောင်များအား အခက်အခဲ ဒုက္ခ ကြုံတွေ့စေရန် မိုးဗြဲရေကာတာအား ဖွင့်ချလိုက်ခြင်း ဖြစ်နိုင်သည်ဟု ဦးဗညားက စွပ်စွဲပြောဆိုသည်။

သဘာဝဘေးအပြင် စစ်ကောင်စီကလည်း ရေကို စနစ်တကျ ပုံမှန်ထက် ဖောက်ချတယ်ပေါ့နော်။ ကျနော်တို့ သိတာက ပုံမှန်ရေတက်တဲ့ ပမာဏထက် ဒီနှစ်ဆို ၂ပေ မြင့်တာပေါ့။ အဲ့တော့ ပုံမှန် ဖောက်ချတာထက်ကို ပိုများ တာပေါ့။ အဲ့တော့ ရေပိုတက်တယ်ပေါ့။“ 

ရေကာတာ ရေတံခါး ဖွင့်ချမှုကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်းဦ၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရား ဖြူကျေးရွာတို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေသည်ဟု IEC က ဆိုသည်။

အဆိုပါ ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် လက်ရှိတွင် စားနပ်ရိက္ခာနှင့် နေထိုင်ရေး အတွက် အမိုးအကာများလည်း အရေးပေါ် လိုအပ်နေသည်။

ထို့အပြင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ၏ အိုးအိမ်များ၊ အလုပ်အကိုင်များ နစ်မြုပ် ပျက်စီးရပြီး ထပ်မံရွှေ့ပြောင်းရသောကြောင့် ပြည်သူများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေပြီး IEC အနေ ဖြင့်လည်း အကူအညီပေးရမည့် လူဦးရေမှာ ထပ်မံတိုးလာသည်ဟု ဆိုသည်။

ဦးဗညားက“အခုလိုမျိုး ပျက်စီးသွားတဲ့ အပေါ်မှာကတော့ ရေတိုဖြစ်စေ ရေရှည်ဖြစ်စေ ဒါကတော့ ကျနော်တို့ ကူညီပံ့ပိုး မှုတွေ လုပ်ပေးရမှာဖြစ်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့မှာ ကြည့်ရှု ပြုစုစောင့်ရှောက်ရမယ့် လူဦး ရေ ပိုတိုး လာတယ်ပေါ့နော်။ ကျနော်တို့အတွက် စိန်ခေါ်မှု အသစ်သစ်တွေ ဖြစ်လာတယ်ပေါ့” ဟု ပြောသည်။

ဇူလှိုင် ၂၅ ရက်နေ့မှ စတင်၍ လာမည့် ၃ ရက်အတွင်း ရေများ ထပ်မံမြင့်တက်လာနိုင်ပြီး ရေကြီးမှု အရေးပေါ် အခြေအနေအတွက် လွိုင်ကော်မြို့ နှင့် ဘီလူးချောင်း ပတ်ဝန်းကျင်တလျှောက်နှင့် အနိမ့်ပိုင်းရှိ ပြည်သူများအနေ ဖြင့် အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် IEC က သတိပေး ထုတ်ပြန်ထားသည်။ 

ရေဘေး အရေးပေါ် အကူအညီအတွက်လည်း ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေး ဌာနခွဲနှင့် လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဌာနတို့၏ Signal နံပါတ်များ ဖြစ်ကြသော +66 951 901 790 နှင့် +66 955 751 317 တို့ကို ဆက်သွယ်နိုင်သည်ဟု IEC  က ပြောသည်။ 

လက်ရှိ လွိုင်ကော်မြို့ပေါ်က ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ပြည်သူ့‌ တော်လှန်ရေး တပ်ဖွဲ့တို့ အကြား၌လည်း တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသည်။