လေယာဉ်ကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်လာနေရသည့် ကရင်နီစစ်ရှောင်ကလေးများ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
ကရင်နီ ပြည်သူများသည် စစ်ဘေးရှောင်ဘဝဖြင့် ဖြတ်သန်းရသည်မှာ ၃ နှစ်ကျော်ရှိပြီ ဖြစ်သည်။
တိုက်ပွဲများတွင်းက လေယာဉ်များကြောင့် ကရင်နီစစ်ရှောင်ကလေးငယ်များ ဘေးကင်းလုံခြုံစွာ စာသင်ကြား ခွင့်ရရေးမှာ အလှမ်းဝေး သထက်ဝေးပြီး ပညာသင်ကြားနိုင်ရေး မျှော်လင့်ချက်က ပို၍ မှေးမှိန်သွားပြီ ဖြစ်သည်။
ကြောက်ရွံ့စိုးရိမ်မှုများနှင့် ရှင်သန်နေရချိန်လည်း ဖြစ်သည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင် စာသင်ကျောင်းမှ CDM ဆရာမတစ်ဦးက “လေယာဉ်ကလည်း နေ့ တိုင်း ညတိုင်းလာနေတယ်။ ပြေးနေလွှားနေရတဲ့အချိန် ဖြစ်တာကြောင့် ပြေးနေရတဲ့ သူတွေထဲမှာဆိုရင် ကလေးတွေကလည်း အများကြီးပါတာကိုးနော်။ ကျောင်းကလည်း ဖွင့်ချင်တယ် ဖွင့်လို့မရဘူး။ အခြေအနေ အမြဲစောင့် ကြည့်ရတယ်။ စာသင်နေရင်း တန်းလန်းကနေ ပြေးခဲ့ရတာတွေလည်း အများကြီးရှိတာပေါ့။ အခက်အခဲတွေ အများကြီးရှိတာကိုလည်း ပြောပြချင်တယ်။ ခက်လွန်းလို့ ဘာပြောပြရမှန်းတောင် မသိတော့ ဘူး” ဟု ပြောသည်။
တိုက်ပွဲများကြောင့် စားဝတ်နေရေး ကျပ်တည်းမှုနှင့်အတူ အာဟာရပြည့်ဝအောင် မစားသောက်နိုင်သည့် အကျိုးဆက်အဖြစ် စစ်ဘေးရှောင် ကလေးငယ်များမှာလည်း ကျန်းမာရေးချို့တဲ့မှုနှင့်ပါ ကြုံတွေ့လာ နေရသည် ဟု အကူအညီ ပေးနေသူများက ဆိုကြသည်။
လေယာဉ်ပျံဝဲမှုကြောင့် ကျောင်းများ ပိတ်ထားရသည့် ကရင်နီဒေသ
ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ် အနောက်ဘက်ခြမ်းတွင် ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ်၏ လေယာဉ်များ ဆက်တိုက်ပျံဝဲလျှက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မည်ကို စိုးရိမ်နေရသောကြောင့် အခြေခံ စာသင်ကျောင်းများ ပိတ်ထားရသည်။
စစ်ကောင်စီတပ်သည် စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ်မှတ် မခွဲခြားဘဲ စာသင်ကျောင်းများနှင့် စစ်ရှောင်စခန်း များကိုပါ ဦးတည်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် စာသင်ကြားနေသည့် ကလေးငယ်များအတွက် စိုးရိမ်နေရသည်ဟု ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများက ပြောသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင် စာသင်ကျောင်းတစ်ကျောင်းမှ CDM ဆရာမ တစ်ဦးက “အဓိက စိုးရိမ် တာကတော့ ကျမတို့ကျောင်း လေယာဉ် အန္တရာယ်ပေါ့။ လေယာဉ်လာတယ်။ ဒါဆို ကျမတို့က ကြောက်လို့ရှင့်။ ကျမတို့ ကျောင်းပိတ်လိုက်ရတယ်။ ကျောင်းပိတ်လို့ရှိရင် ကလေးတွေက စာပြတ်တိပြတ်တောက် ဖြစ်သွား တာ။ အပြင်ကို စိတ်ပိုရောက်သွားတယ်။ အဲ့ခါကျလို့ရှိရင် ကျမတို့က ကလေးတွေ ပညာဆက် သင်ယူဖို့ အတွက် စိတ်မပါတော့မှာ ကျမတို့ စိုးရိမ်တယ်။ ပြီးခါကြတော့ စာကောင်းကောင်း မသင်ရမှာ ကျမ စိုးရိမ် တယ်။ အဓိက ကတော့ အဲ့ဒီတစ်ခုပေါ့။ လေယာဉ် အန္တရာယ်ပေါ့ အဓိက စိုးရိမ်ခြင်းပဲ ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်၏ မြို့တော်လွိုင်ကော်တွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ဒီးမော့ဆို မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများနှင့် စစ်ဘေး ရှောင်များက ပြောသည်။
လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ လေယာဉ်ပျံဝဲမှုများကြောင့် ကျောင်းတိုင်းတွင် ကလေးငယ်များမှာ စာသင် ချိန်ပုံမှန်မရှိဘဲ လေယာဉ်သံ ကြားလျှင် ကျောင်းဆင်း ပေးကြရသည်ဟု စစ်ရှောင်များနှင့် စာသင်ကျောင်းများကို ကူညီပေးနေသော ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက် က ပြောသည်။
၎င်းက “လေယာဉ်ကတော့ ဖြတ်သွားဖြတ်လာပဲ။ အခုရက်ပိုင်းတော့ လေယာဉ်သံကြားလို့ လေယာဉ်လာလို့ရှင် ကျောင်းပိတ်ပေးရတာတော့ ရှိတယ်။ ဒါကတော့ ကျောင်းတိုင်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုရင် လေယာဉ်သံ ကြား လို့ရှိရင် ကလေးသူငယ်တွေအတွက် အသက်က အရေးကြီးတယ်နော်။ သူတို့ အထိခိုက် မခံရအောင် လေယာဉ် သံ ကြားတာနဲ့ ကျောင်းတန်း ပြန်ဆင်းတာတွေ ရှိပါတယ်နော်” ဟု ပြောသည်။
မိဘများကလည်း လေကြောင်း အန္တရာယ်ကြောင့် ကလေးများ၏ လုံခြုံရေး၊ အသက်ဘေးအန္တရာယ်ကို စိုးရိမ်ပူ ပန် နေကြသည်။
စစ်ရှောင် ကျောင်းသား မိဘတစ်ဦးက “လေယာဉ် အန္တရာယ်ပေါ့ အဓိက စိုးရိမ်ခြင်း ဖြစ်တယ်ပေါ့နော်။ တချို့ မိဘတွေလည်း ကြောက်တယ်ပေါ့။ ပို့လည်းတစ်မျိုး မပို့လည်းတစ်မျိုး အဲ့လိုပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်” ဟု ပြောသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း ၂ ကျောင်းကို ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသား ၄ ဦး သေ ဆုံးခဲ့ရပြီး ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသားအယောက် ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
ထို့ကြောင့် ကရင်နီ စာသင်ကျောင်းတွင် ဗုံးခိုကျင်း ထည့်သွင်း ဆောက်လုပ်နေပြီ
ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက် စစ်ရှောင်စခန်းရှိ ကျောင်းဆောင်သစ်များတွင် ဗုံးခိုကျင်းများ ထည့်သွင်း ထားသဖြင့် မိဘများအား စိတ်ချလုံခြုံမှုကို ဖြစ်စေသည်ဟု ကျောင်းသား မိဘများက ပြောသည်။
စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် စာသင်ဆောင်များတွင် ဗုံးခိုကျင်း များကိုပါ ထည့်သွင်းဆောက်လုပ်ထားသည်ဟု ကရင်နီ စစ်ဘေးရှောင်များနှင့် ကျောင်းတာဝန်ရှိ သူများက ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ရှောင်ကလေးများအား စာသင်နေသည်မှာ ၃ နှစ်ရှိပြီ ဖြစ်သော်လည်း ယခု နှစ်မှ သာ စာသင်ဆောင်ကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နိုင်ခဲ့ပြီး စာသင်ဆောင်များတွင် ဗုံးခိုကျင်းကိုပါ ထည့်သွင်း ဆောက်လုပ်ထားရသည်ဟု ကျောင်းသား မိဘများက ပြောသည်။
စစ်ရှောင် ကျောင်းသားမိဘ တစ်ဦးက “အခုက ကျောင်းဆောင် ရလာပြီဆိုတော့ အစ်မတို့ အနေနဲ့က အဝေး ကြီးလည်း သွားပို့စရာမလိုတော့ဘူး။ ကိုယ့်အနီးအနားမှာ ရှိတဲ့ကျောင်းမှာ ထားလိုက်ရတော့ အများကြီး ပိုလုံခြုံသွားတာပေါ့။ အရေးနဲ့ အကြောင်းဆို ကိုယ့်ကလေးကို သွားပြေးခေါ်လို့လည်း ရတယ်။ ပြီးကျောင်းမှာ ဗုံးခို ကျင်းတွေလည်း လုပ်ထားပေးတဲ့အတွက်ကြောင့် ကလေးတွေအတွက် အရမ်းအဆင်ပြေတယ်ပေါ့လေ နော်။ အဲ့ဒါကြောင့်မို့ ပိုပြီးတော့မှ စိတ်ချလက်ချနဲ့ ကလေးကို ကျောင်းထားနိုင်သွားတာပေါ့” ဟု ပြောသည်။
စာသင်နှစ် ၃ နှစ်ပြီးဆုံးသည်ထိ စာသင်ဆောင် ဟူ၍ သီးသန့် မရှိဘဲ ယခုနှစ်တွင် ကျောင်းတာဝန်ခံ၏ သူငယ် ချင်းများ၊ လုပ်ဖော်ကိုင်ဖက်၊ ဓမ္မအမှုတော်ဆောင် များထံမှ အကူအညီ တောင်းခံပြီး ရရှိသည့် အလှူငွေများ၊ အကူအညီများဖြင့် ကျောင်းဆောင်အား ဆောက်လုပ်နိုင်ခဲ့သည်ဟု ကျောင်းတာဝန်ခံက ပြောသည်။
အဆိုပါ ကျောင်းဆောင်ကို ပေ ၇၀၊ ၁၅ ပေ တစ်ဆောင်၊ မူကြိုဆောင်ကို ပေ ၂၀၊ ၁၅ ပေ တစ်ဆောင်နှင့် ကျောင်းထဲတွင် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများပါ ပြုလုပ်ထားသည် ဟု ဆိုသည်။
စာသင်ဆောင် မဆောက်နိုင်သေးခင်က ယခင်ဈေးတန်း နေရာကို စာသင်ခန်း ပုံစံပြုလုပ်ပြီး သင်ကြားခဲ့ရာ စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ကျောင်းတာဝန်ခံ ကပြောသည်။
၎င်းက “ပြီးခဲ့တဲ့ စာသင်နှစ် ၃ နှစ် အတောအတွင်းမှာ ကျမတို့က ဈေးထဲမှာ သင်ကြားရတာ ဖြစ်တယ်။ အဲ့မှာ ဈေးတန်းထဲမှာပဲ ကျမတို့ အဲ့မှာပဲ အဲ့လိုပဲ သင်ကြားတယ်ပေါ့။ သူများ ဈေးတန်းထဲမှာ အလွယ်တကူ ဆောက် ထားတဲ့ ဈေးတန်းထဲမှာပဲ ကျမတို့ တစ်ခန်းတစ်ခန်း လုပ်ပြီးမှ သင်ကြားသွားတယ်ပေါ့နော်။ ဈေးထဲမှာ နေတဲ့ အခါမှာဆို အမြဲတမ်း ဈေးကော်မတီက တစ်မျိုး ပြောလိုက်၊ ရွာခံက တစ်မျိုးပြောလိုက်နဲ့ အဲ့လိုမျိုး စိတ်ဖိစီးမှု အမျိုးမျိုး ရင်ဆိုင်နေရတယ်ပေါ့နော်“ ဟု ပြောသည်။
စစ်ရှောင်စခန်းထဲတွင် စာသင်ဆောင်ရှိလာတဲ့ အတွက် မိဘများအနေဖြင့် ကလေးများအတွက် ကျောင်းထား ရာတွင် ပိုမိုပြီး စိတ်ချလာသည်ဟု စစ်ရှောင် ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
“ဒီနှစ် ခါကျ ဒီဘက်ကို ရောက်လာတယ် ပြီးခါကျတော့ စာသင်ကျောင်း မရှိဘူးဆိုတော့ တော်တော် စိတ်ပျက် သွားတယ်။ ဒါပေမဲ့ ကိုယ်လည်း စစ်ရှောင်နေရတာဆိုတော့ ဒီကျောင်းဖွင့်တဲ့ အချိန်မှာရောက်လာတော့ ဒီက ဆရာမတစ်ဦးက စစ်ရှောင်အတွက်ဆို ကျောင်းဆောင်လုပ်ဖို့ အလှူခံလိုက်တော့ ကျောင်းဆောင် တစ်ခုဖြစ် လာတယ်ပေါ့နော။ အဲ့ဒီအပေါ်မှာ ဝေးဝေးလံလံ သွားစရာလည်းမလိုဘူး။ ဆရာ၊ဆရာမလည်း ငှားစရာ မလို တော့ဘူးဆိုတော့။ စစ်ရှောင်တဲ့ အချိန်မှာ ဝင်ငွေကလည်း မရှိတော့လေး။ အဲ့လို ငှားဖို့က အရမ်း ခက်ခဲသွား တယ်။”
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) ဘက်မှ ယခင်နှစ်က ဆရာမ ၄ ဦးအား ၄ သိန်းခွဲ တစ် ကြိမ်၊ ၂ သိန်း တစ်ကြိမ် ပံ့ပိုးမှု ရှိခဲ့ပြီး ယခုနှစ် စာသင်ကျောင်းဆောင်အတွက် ၁၈ပေ ပတ်လည် မိုးကာ ၃ ထည် ကို ကူညီပေးခဲ့သည်ဟု ကျောင်းတာဝန်ခံ ကပြောသည်။
ထိုစစ်ရှောင် စာသင်ကျောင်းတွင် ကျောင်းသား ၈၀ ကျော် ရှိပြီး ဆရာ၊ ဆရာမ ၉ ဦးရှိသည်။
ဆရာ၊ ဆရာမများကို အပြင်မှ ငှားရသောကြောင့် ထောက်ပံ့ကြေး လိုအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ စားပွဲ၊ ထိုင်ခုံများနှင့် မူကြိုနေအရွယ် ကလေးများအတွက် ကစားစရာများလည်း လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံက ပြောသည်။
ကရင်နီ စစ်ရှောင်ကျောင်းများ လိုအပ်ချက်များ ဆက်ရှိနေ
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် စာသင်ဆောင်များနှင့် သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများ လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံများက ပြောသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား ဦးရေပေါင်း ၄၆၄၇ ဦး၊ စာသင်ကျောင်းပေါင်း ၄၅၆ ကျောင်းရှိပြီး ကျောင်းများတွင် စာသင်ဆောင်များအပြင် ဖတ်စာအုပ်၊ စာရေး ကိရိယာများနှင့် သင်ထောက်ကူများ လိုအပ် နေသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းမှ ရောင်ခြည်ဦး စစ်ရှောင်စာသင်ကျောင်းတွင် Grade-7 ကို ထပ်တိုး ဖွင့်ထားပြီး ကျောင်းသားဦးရေ ၁၀၀ ကျော် အတွက် စာသင်ဆောင်၊ စာအုပ်နှင့် ဆရာ/ဆရာမများလည်း လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံ CDM ဆရာမ နော်မိအယ်က ပြောသည်။
“ကျောင်းရဲ့ အဓိကလို အပ်ချက်က ဘာလဲဆိုတော့ စာသင်ဆောင်ပေါ့။ ဒီနှစ်စာသင်တဲ့ခါမှာ ကျမတို့ ကျောင်း သားတွေအတွက် ဘယ်လို စိုးရိမ်မှုရှိလဲဆိုတော့ စာအုပ်တွေလည်း မလုံလောက်ဘူး။ ဖတ်စာအုပ်တွေ မရှိတဲ့ ခါကြတော့ ကလေးတွေ ကျမတို့ သင်ကြားတဲ့ အခါမှာ တအားနဲ့ ကလေးတွေ မသင်ယူ လိုက်ရမှာ ကျမတို့ စိုးရိမ်တာ ရှိတယ်။ အရင်နှစ် ကျမတို့ ကျောင်းက ကျောင်းသား ၁၀၀ လောက်ပဲ ရှိတယ်။ ၁၀၀ လောက်ပဲ ရှိကြ တော့ ကျမတို့ နိုင်နိုင်နင်းနင်း သင်နိုင်တယ်။ ဆရာမတွေလည်း စုံစုံလင်လင် ရှိတယ်ပေါ့နော်။ နောက် ဒီနှစ်ကြ စစ်ရှောင်လည်း ထပ်တိုးလာတယ်။ ကျမတို့နောက် တစ်တန်းလည်း ထပ်ဖွင့်ခါကြတော့ ကျောင်းဆောင်တွေ လည်း လိုအပ်သွားတယ်။ ဆရာ/ဆရာမလည်း လိုတယ်ပေါ့နော်။”
ကျောင်းသားဦးရေ များသည့် ကျောင်းများတွင် လိုအပ်ချက်များရှိနေသကဲ့သို့ ကျောင်းသားဦးရေ နည်းသည့် ကျောင်းများ၌လည်း လိုအပ်မှုများ ရှိနေသည်ဟု ဆိုသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျောင်းသား ၅၀ ကျော်သာ ရှိသည့် စစ်ရှောင် စာသင်ကျောင်း တစ်ခုတွင် စာသင်ပေးနေသည့် CDM ဆရာမ ဒေါ်ခရစ္စတင်းက “ကျောင်းဆောင် မလုံလောက်ဘူးပေါ့နော်။ ကျောင်း ဆောင် ကျဉ်းကျဉ်းလေးမှာ အတန်းစုံ သင်နေရတဲ့အတွက် အဆင်ပြေမနေဘူးပေါ့နော်။ သင်ကြားမှုအတွက် အခက် အခဲဖြစ်တယ်။ အခုက ကိုယ့်ရွာထဲလည်း နည်းနည်း ပြန်ဝင်လို့ရတယ်။ အရင်က သင်ခဲ့တဲ့ စာအုပ်ကို ရသ လောက် အိမ်တိုင်းလိုလို ကျမတို့ အရဲစွန့်ပြီး ပြန်ယူတယ်ပေါ့နော်။ ပြန်ယူတယ် ဆိုပေမဲ့ ကျမတို့ အများ ကြီး ပြန်ယူလို့မရဘူး။ အန္တရာယ်ကြားကနေ ဝင်ယူရတယ်ပေါ့နော်” ဟု ပြောသည်။
ယခင် ပညာသင်နှစ်က အလှူရှင် အဖွဲ့အစည်းများမှ ကျောင်းဖွင့်ချိန် မတိုင်မီ လိုအပ်သော ဖတ်စာအုပ်နှင့် စာရေး ကိရိယာများကို ထောက်ပံ့ကူညီမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် အလှူရှင်အဖွဲ့အစည်းများ မရှိသေးသဖြင့် မိဘ၊ ဆရာများက စုပေါင်း၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရသည်ဟု ဆရာမ နော်မိအယ်က ပြောသည်။
ပြီးခဲ့သည့် စာသင်နှစ်များက အထက်တန်းကို ကျောင်းဆောင်ကြီး တစ်ဆောင်ထဲတွင် လူဦးရေ ရာနှင့်ချီပြီး သင် ကြား နိုင်သော်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် မကြာခဏ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ရှိလာသည့်အတွက် မိုးကာဖြင့် ကျောင်းငယ်ပုံစံမျိုးကို နေရာ ၁၀ နေရာလောက် ဝေးဝေးတွင်ခွဲထားပြီး သင်ကြား ပေးနေရသည်ဟု စစ်ရှောင်ကူညီသူ ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်က ပြောသည်။
“ဒီးမော့ဆိုမြို့နယ် အနောက်ဘက် တခြမ်းလုံးလိုလိုမှာ စာသင်ကျောင်းတွေက သူ့အတိုင်းအတာနဲ့သူ လိုအပ်မှု က ကျောင်းတိုင်းမှာ ရှိတယ်။ တချို့ဘာတွေ လိုအပ်လဲဆို မိုးကာလိုအပ်မယ်။ ကလေးတွေ ကျောင်းသွားလို့ရှင် တချို့ နေရာတွေက ကျောင်းနဲ့ သူတို့နေတဲ့ နေရာနဲ့ ဝေးတဲ့အတွက် သူတို့စာအုပ်တွေ မိုးရေ မစိုအောင် ထီးတွေ၊ မိုးကာအင်္ကျီလေးတွေ လိုအပ်တယ်ပေါ့နော်။ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ကွန်ဘာဘူး အစရှိတဲ့ ကျောင်းသုံးပစ္စည်း လည်းလိုအပ်တာ တွေ့ရတယ်” ဟု ပြောသည်။
ထိုလိုအပ်မှုများကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ပညာရေးဌာန အနေဖြင့် အခက်အခဲ များကြားက ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားနေသည်ဟု (IEC) ပညာရေးဌာန ဒုတိယဌာနမှူး ဆရာညီညီဇော် က ပြောသည်။
“ကျနော်တို့ IEC အနေနဲ့ ဒီ အခွန်ငွေ ရရှိမှုက နည်းသေးတယ်ပေါ့နော်။ IEC ရဲ့သက်တမ်းကလည်း နည်းသေးတဲ့ အတွက်ကြောင့် ကျနော်တို့ လိုအပ်ချက် ရှိနေတာတော့ အမှန်ပဲပေါ့နော်။ တကယ်လို့ပဲ နိုင်ငံတကာ အလှူရှင် တွေ ရှိမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒါကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဒါကိုလည်း ဆက်လက် ကြိုးစားနေတယ်ပေါ့နော်။”
IEC အနေဖြင့် ကြာနေပြီဖြစ်သော စာသင်ဆောင် အမိုးများအား ပြန်လည် ပြုပြင်နိုင်ရန်အတွက် မြို့နယ် အလိုက် မိုးကာများကို သိန်းတစ်ရာကျော်ဖိုးခန့် ဝေငှခဲ့သော်လည်း ကျောင်းများလာသည့်အတွက် လုံလောက်နိုင်ခြင်း မရှိသေးဘူးဟု IEC ပညာရေးဌာန ဒုဌာနမှုး က ဆိုသည်။
ထို့အပြင် ကျောင်းဖတ်စာအုပ်များကို ပေးမည်ဆိုပါကလည်း ကျောင်းအရေအတွက် များလာခြင်း၊ ကျောင်းသား ဦးရေ များလာခြင်းတို့ကြောင့် တစ်ဦးကို တစ်စုံနှုန်း ပေးနိုင်ခြင်း မရှိသေးဘဲ ဆရာကိုင်အတွက်သာ ပေးနိုင်သေး သည်ဟု IEC က ပြောသည်။
အဆိုပါ လိုအပ်မှုများအပြင် ကလေးများကို ပညာသင်ကြားပေးနေသည့် ကျောင်း ဆရာ/ဆရာမများ အတွက်လည်း လစဉ် ကူညီထောက်ပံ့ပေးနိုင်မည့် ပံ့ပိုးမှုများလည်း လိုအပ်နေသည်ဟု ဆိုကြသည်။