ပဲခူးတွင် မြစ်ရေကြီးမှု ပိုဆိုးလာနေဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။ 

ပဲခူးမြို့တွင် မြစ်ရေဆက်တိုးနေပြီး ရေကြီးရေလျှံမှုများ ဆက်ဖြစ်နေသောကြောင့် မြို့တွင်း၌ ယာယီ ရေဘေး ရှောင်စခန်း ၂၇ ခုဖွင့်ပြီး ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့ပေးထားရသည်ဟု ဒေသခံများက ပြောသည်။

ပဲခူးမြို့ပေါ်အပါအဝင် ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ပုဏ္ဏားစုစသည့် ရပ်ကွက်များတွင် ရေကြီးနေပြီး မြို့ခံ သုံးသောင်းနီးပါးခန့်ကို ယာယီရေဘေးရှောင်စခန်း ၂၇ ခုတွင် ပြောင်းရွှေ့ပေးထားရသည်ဟု ဒေသတွင်းရှိ လူမှု ကူညီရေး အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ကူညီကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ရေက မြို့ထဲကို ဝင်လာတာ ၂၇ ရက်နေ့ကတည်းက အဓိကတော့ မိုးများတာပေါ့လေ။ မိုးများပြီး မြစ်ရေတက်လာလို့ အခုလို မြို့ထဲ ရပ်ကွက်တွေအထိ ရေကြီးရေလျှံ ဖြစ်တာ ပါ။ အနိမ့်ပိုင်း ရပ်ကွက်ထဲက အိမ်တွေ အကုန်လုံး ရေမြုပ်၊ အဲ့တော့ သူတို့ကို အမြင့်ပိုင်းမှာရှိတဲ့ ယာယီ ရေ ဘေးရှောင် စခန်းနေရာတွေကို ပို့ပေးပေါ့ဗျာ ဟု ပြောသည်။

ရေဘေးသင့်သူ ပြည်သူများမှာ ပဲခူးမြို့ရှိ အမြင့်ပိုင်း ရပ်ကွက်များ၊ ရေဘေးလွှတ်သည့် ရပ်များထဲက ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံ အစရှိသည့် နေရာများတွင် ယာယီခိုလှုံနေကြရသည်။

ထိုသို့ ယာယီစခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဆိုကြသည်။

ဒေသခံတစ်ဦးက အစ်မတို့အိမ်က ရေတက်လာတော့ လုံးလုံးမြုပ်သွားတာ။ လုံးဝနေလို့ မရတော့ဘူး။ အဲ့ဒါ ရပ်ကွက်က အကူအညီနဲ့ပဲ အခု ဘုန်းကြီးကျောင်းဝန်းထဲမှာ နေတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေ လာပေးတဲ့ ထမင်းဘူးနဲ့ ရေဘူးတွေရှိတယ်။ ဆေးလည်း လိုရင် လိုသလိုတော့ ပေးပါတယ်။ လူများတော့ တခါခါ မလောက်ဘူး။ အခုက အချင်းချင်းကူညီကြတဲ့ သဘောလို့ ပြောရမယ် ဟု ပြောသည်။

ရေကြီးရေလျှံမှုများကြောင့် ပဲခူးမြို့က စာသင်ကျောင်းပေါင်း ၅၀ ခန့်မှာ ပိတ်ထားရသည့်အပြင် ပဲခူးဘူတာဝန်း အတွင်း သံလမ်းများ ရေကျော်နေသေးသည့်အတွက် ဇူလိုင်လ ၃၀ ရက်နေ့၏ ရထားခရီးစဉ်များ ကိုလည်း ထပ်မံဖျက်သိမ်းကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထားသည်။

အလားတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့ထဲတွင်လည်း ယခုရက်ပိုင်းထဲ မိုးအဆက်မပြတ်ရွာပြီး တောင်ကျရေများကြောင့် ချောင်းကမ်းပါးများ ပြိုကျခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး ရေစီးနှင့် မျောပါသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်ထဲတွင် ပြည်သူ နှစ်သောင်းနီးပါးခန့်မှာ ရေဘေးသင့်နေသည့်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု KNU က ပြောထုတ်ပြန်ထားသည်။

KNU ထိန်းချုပ်ထားသည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း ၄၁ မှာ ရေနစ်မြုပ်သွားသော ကြောင့် ဒေသခံများ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည်ဟု KNU က ဇူလိုင် ၂၉ ရက်နေ့က ထုတ်ပြန်သည်။

ရွှေကျင်နှင့် ကျောက်ကြီး မြို့နယ်ရှိ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း တစ်လျှောက် ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများမှာလည်း ရေဘေးသင့်နေကြပြီး အကူအညီများ လိုအပ်နေသည် ဟု KNU က ဆိုသည်။

ဓါတ်ပုံ – ဘိုဘိုဝင်း