အနာဂတ် နိုင်ငံ့စီးပွားရေး အတွက်လည်း တော်လှန်သူများတွင် တာဝန်ရှိ
ပီတာ၊ ဖိလစ်စတာ၊ ထွန်းကျော် တို့ ရေးသားသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
(Mizzima က ပြုလုပ်သော အဆင့်မြင့် သတင်းစာပညာ သင်တန်းတွင် ရေးသားသည်။)
“အာဏာရှင်ပြုတ်သွားရုံ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရုံ အဲဒီဟာ လုပ်ရုံနဲ့ မပြီးဘူး။ တကယ်တမ်း အဲ့ဒီဟာကို ကျော်လာတဲ့အချိန်မှာ ကြုံရမယ့် စီးပွားရေး ပြဿနာကိုဖြေရှင်းဖို့ အခုရှိနေတဲ့ လူငယ်တွေကို အဲ့ပညာတွေကို တတ်အောင် သင်ပေးထားရမယ်။“
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုရရှိရန် တိုက်ပွဲဝင် နေကြချိန်နှင့် တစ်ပြိုင်တည်း စီးပွားရေး အကြောင်း ကြို တင်လေ့လာရန် အရေးကြီးသည်ဟု ချက်နိုင်ငံ ပရာဂ်ဟာမြို့တွင် အခြေစိုက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးနေသော နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ် က ပြောဆိုသွားခြင်း ဖြစ်သည်။
တဘက်တွင် အနာဂတ် စီးပွားရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ကို ပြုလုပ်ထားရန် လိုအပ်သလို အနာဂတ် နိုင်ငံထူထောင်ရာတွင် လူမှု စီးပွား တရားမျှတမှု (Social Economic Justice) ရှိစေရန်လည်း လေ့လာပြင်ဆင် ထားသင့်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။
စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒများကိုလည်း ရေးဆွဲချမှတ်ပြီး ယခုကတည်းက ကြိုတင်ပြင်ဆင် ထား ရန်လိုသည်ဟု အီဂေါဗလာဇီဗစ် ဆိုသည်။
အီဂေါဗလာဇီဗစ် က “အနာဂတ်မှာ စီးပွားရေးကို ဘယ်လို ပေါ်လစီနဲ့သွားမလဲ။ လာမယ့် တစ်နှစ်၊ နှစ် နှစ် အတွင်းမှာ ကျနော်တို့က ရဲရဲရင့်ရင့်နဲ့ စီးပွားရေး မူဝါဒတွေ ချမှတ်ဖို့ လိုတယ်။ အဲ့လိုချမှတ်တဲ့ နေရာမှာ ဘယ်လို လုပ်မှာလဲ ဆိုတဲ့ဟာကို ကြိုတင်ပြီးတော့ ပြင်ဆင်ထားဖို့လိုတယ်” ဟု ပြောသည်။
ထိုသို့ လုပ်ဆောင်ထားနိုင်မှသာ တော်လှန်ရေး အလွန်ကာလတွင် ပြည်နယ်များထဲအပြင် နိုင်ငံအတွင်း၌ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသော စီးပွားရေးစနစ်ကို ထူးချွန်ထက်မြက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယခုကတည်းက မလုပ်ဆောင်ထားပါက လာမည့် အနာဂတ်တွင် မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၌ တိုင်းပြည်၏ဝင်ငွေ လိုအပ်ချက်ကြောင့် စီးပွား ရေး လုပ်ငန်းရှင် ငွေပင်ငွေရင်းများ၏ ခြယ်လှယ်မှုကို ခံရလာနိုင်ခြေရှိသည်ဟု အီဂေါဗလာဇီဗစ်က ပြောသည်။
စီးပွားရေးနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် ခေတ်သစ် လစ်ဘရယ် ဝါဒ Neoliberalism နှင့် စီမံကိန်း စီးပွားရေး ဝါဒ Keynesianism ဟူ၍ နှစ်မျိုးရှိကြောင်း ပညာရှင်များက ပြောသည်။
Neoliberalism စနစ်သည် လွတ်လပ်သော စျေးကွက်ကို အလေးထားပြီး အစိုးရ၏ ထိန်းချုပ်မှုမရှိသော စနစ် ဖြစ်သည်။ Keynesianism စနစ်သည် စီးပွားရေး အတက်အကျကို စီမံခန့်ခွဲနိုင်ရန် အတွက် အစိုးရ ဝင်ရောက်စွက် ဖက်မှုရှိသော စနစ်တစ်ခု ဖြစ်သည်။
Neoliberalism economy ဟုခေါ်သော လွတ်လပ်သော စျေးကွက်စီးပွားရေး စနစ်သည် စတင်ကျင့်သုံးခဲ့သည်မှ စ၍ နှစ်ပေါင်း ၃၀ အတွင်း စိန်ခေါ်စရာ မရှိ လောက်အောင် အလုပ်ဖြစ်ခဲ့သော စီးပွားရေးစနစ်တစ်ခု ဖြစ်လာခဲ့ သည်။ သို့သော် မျက်မှောက်ခေတ်နှင့် စနစ်တွင် လူမှုစီးပွား တရားမျှတမှု အတွက် ပြဿနာများ ရှိလာခဲ့သည်။
ထိုဒီစနစ်၏ အကျိုးဆက်များကြောင့် ချမ်းသာသော သူများသည် ပိုပြီးချမ်းသာလာကြပြီး ဆင်းရဲသော သူများ ကလည်း ပို၍ ဆင်းရဲတွင်းနက်သွားသည့် ပြဿနာမျိုးနှင့် ကြုံလာကြရသည်။
ထို့ကြောင့် လွတ်လပ်စွာ ကုန်သွယ် စီးဆင်းနိုင်သော Neoliberalism economy စျေးကွက်စီးပွားရေး စနစ်သည် Social economic Justice ဟုခေါ်သော လူမှုစီးပွား တရားမျှတမှု မရှိခြင်း၏ အဓိက ဇာတ်ကောင်ဖြစ်လာနေမှု အပေါ် ပြောဆို မေးခွန်းထုတ်လာကြသည်ဟု အီဂေါဗလာဇီဗစ်က ပြောသည်။
လူမှု စီးပွား တရားမျှတမှု (Social economic Justice) သည် ယေဘုယျအားဖြင့် လူတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ မျှမျှ တတရရှိရေး စနစ်တစ်ခု ဖြစ်သည်။ ထို လူမှုစီးပွား တရားမျှတမှု ရှိမှသာလျှင် neoliberalism economy စျေး ကွက် စီးပွားရေးစနစ်ကို ထိန်းကျောင်းနိုင်လိမ့်မည်ဟု ဆိုသည်။
လူမှုစီးပွား တရားမျှတမှုသည် တစ်နည်းအားဖြင့် equal opportunity (တန်းတူအခွင့်အလမ်း) ဖြစ်ပြီး equal opportunity ရရှိရန်လိုအပ်သည့် အဓိကကျသော အချက်များအား ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Sacramento စီးပွားရေးတက္ကသိုလ် အကြီးတန်းကတိက ဒေါက်တာ မင်းမင်းသော်က ယခုကဲ့သို့ ပြောသည်။
“ဘာတွေမှာ equal opportunity (တန်းတူအခွင့်အလမ်း) လုပ်ရမလဲဆိုတော့ ကျန်းမာရေးနဲ့ ပညာရေးက အဓိက ပဲပေါ့နော်။”
ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတွေများ၏ ပညာရေးစနစ်ကို လက်လှမ်းမှီ ဆက်ခံနိုင်မှသာ လူမှုစီးပွား သဟဇာတ ဖြစ်မှု (တရားမျှတမှု) ကို ဖော်ဆောင်နိုင်မည် ဖြစ်သောကြောင့် ခေတ်မှီ ပညာရေးကို မြန်မာလူထုများမှ နားလည် ကျင့်သုံးနိုင်ရန် လိုအပ်ကြောင်းကိုလည်း သူမ က ထောက်ပြ ပြောဆိုသည်။
အနာဂတ် မြန်မာနိုင်ငံ၏ စီးပွားရေး ပုံသဏ္ဍာန်မှာ ခေတ်သစ် လစ်ဘရယ်ဝါဒ၏ ထိုးဖောက်မှုများကို မဖြစ်မနေ ကြုံတွေ့လာရနိုင်သည်ဟုလည်း ဆရာမက ထောက်ပြထားသည်။ ထို့ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကဲ့သို့ အဖွဲ့အစည်းများက ယခုကတည်းက ပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေဖြင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စတင်ပူးပေါင်း လုပ်ဆောင်နေပြီ ဖြစ်သည်။
သို့သော်လည်း တော်လှန်ရေး အလွန်ကာလ ပြန်လည် တည်ထောင်ရေး အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဆွေးနွေးညှိနှိုင်းမှု အဆင့်တွင်သာ ရှိနေသေးသည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က ပြော သည်။
“ကျနော်တို့ ထိန်းချုပ်နယ်မြေတွေ များလာတာနဲ့အမျှ ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ တရားဥပဒေ စိုးမိုးရေး၊ နောက်ပြီးတော့ ပြည်သူတွေရဲ့ စီးပွားရေးအတွက်ကို အတတ်နိုင်ဆုံး ကျနော်တို့တွေ မိတ်ဖက်တွေ မဟာမိတ်တွေနဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ပူးတွဲပြီးတော့ ဒီကြားကာလ အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ အချိန်မှာ၊ လူမှု စီးပွားရေး အကောင်အထည် ဖော်နိုင်ဖို့အတွက် ကျနော်တို့တွေ ကြိုးစား ဆောင်ရွက်နေကြတယ်။”
တော်လှန်ရေး ကာလတွင်း ကြားကာလ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်မှု တစ်နှစ်ကျော်ရှိပြီ ဖြစ်သော ကရင်နီပြည်တွင်လည်း လူသားအရင်းအမြစ် မရှိသလောက်ရှားပါးသည့် အခက်အခဲကြောင့် အုပ်ချုပ်ရေး ယန္တရားအတွက် စိန်ခေါ်မှုများရှိနေသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အထွေထွေ အ တွင်းရေးမှူး ခူးပလုရယ်က ပြောသည်။
“အုပ်ချုပ်ရေးနဲ့ ပတ်သတ်ပြီးတော့ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်ပေါ့နော။ ဒါပေမဲ့ နည်းနည်း ပြန်ချုပ်ရင် တော့ နံပါတ် တစ်ကတော့ ကျနော်တို့ရဲ့ လူ့အရင်းအမြစ် ဖြစ်တယ်ပေါ့နော်။ လူသားအရင်းအမြစ်က ကျနော်တို့ လိုအပ်ချက် ကြီးမားတယ်ပေါ့နော။ သင့်တော်တဲ့ နေရာတွေမှာ စီမံခန့်ခွဲနိုင်တဲ့သူ၊ ဦးဆောင်နိုင်တဲ့သူတွေ တကယ် လိုအပ်နေတာ။”
ယခုကဲ့သို့ လူသားအရင်းအမြစ် လိုအပ်ချက်ရှိနေခြင်းသည် ယခင်ကတည်းက တိုင်းရင်းသားများအတွက် အခွင့်အလှမ်းများ မရခဲ့သော အကျိုးဆက်များကြောင့် ဖြစ်သည်ဟု ခူးပလုရယ်က ဆိုသည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိလာခဲ့လျှင် ဖက်ဒရယ်အစိုးရရော၊ ပြည်နယ်အစိုးရများပါ လူသား အရင်း မြစ်နှင့် ပတ်သက်၍ ယခုကတည်းက ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဒေါက်တာ မင်းမင်းသော် က ပြောသည်။
လက်ရှိတော်လှန်ရေးကာလတွင် အနောက်နိုင်ငံများထံမှ လက်နက် အကူအညီ မရနိုင်သော်လည်း ပညာရေး ရင်းနှီးမြုပ်နှံမှုများကို ရရှိအောင် လုပ်ဆောင်၍ ရနိုင်သည်ဟု ဒေါက်တာ မင်းမင်းသော်က ဆက်ပြောသည်။
“လက်ရှိမှာ စစ်ရေးက နံပါတ်တစ် နံပါတ်နှစ်က တိုင်းပြည်မှာ ပညာတတ်တွေ ဖော်ထုတ်ပေးတာရော ပြီးတော့ Prepare လုပ်နိုင်တဲ့ အစိုးရဖြစ်နေရမယ်။ ဆိုတော့ ဟုတ်ပါတယ် အနောက်တိုင်းပြည်တွေမှာ သွားပြီးတော့ သေနတ်ကို တောင်းလို့မရဘူး။ လက်နက်ကို တောင်းလို့ မရပေမဲ့လို့ ပညာရေး အခွင့်အရေးကိုတော့ ရအောင် တော့ တောင်းရမယ်။”
ဖွံ့ဖြိုးပြီး ဖြစ်သော အနောက်နိုင်ငံများ၏ ပညာရေးကို လက်လှမ်းမှီနိုင်မှာ သာလျှင် လူမှုစီးပွား သဟဇာတဖြစ်မှု (တရားမျှတမှု) ကို ဖော်ဆောင်နိုင်မည် ဖြစ်သည့်အတွက် ခေတ်မှီ ပညာရေးကို လေ့လာသင်ယူ နိုင်ရန်လိုအပ် သည်ဟု ဒေါက်တာ မင်းမင်းသော်က ဆိုသည်။
အဆင့်မြင့် ပညာရေးကို သင်ယူတတ်မြောက်ရန် ယေဘုယျအားဖြင့် အချိန် ၆ နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်နိုင် သည့် အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်မှသာ တော်ရာ ကျလိမ့်မည်ဟု ဒေါက်တာ မင်းမင်းသော် က ပြောသည်။
ဥပမာ အနေဖြင့် ၁၉၅၃ တောင်၊ မြောက် ကိုးရီးယားစစ်ပွဲအပြီး တောင်ကိုးရီးယားနိုင်ငံ၏ ဒေသ ၈၅ % သည် ကျေးလက်မှ လူဆင်းရဲများ နေထိုင်သော နေရာ ဖြစ်သည်။
သို့သော် တောင်ကိုးရီးယား အစိုးရသည် အမေရိကန်၏ အကူအညီဖြင့် ပညာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု အကြီး ကြီးကို လုပ်ခဲ့ပြီးနောက် ကျေးလက် ဒေသရှိသူများအား ပညာတတ်များ ဖြစ်အောင် စီးပွားရေးလုပ်ငန်း များတွင် ဦးဆောင်လာနိုင်အောင် လုပ်ဆောင်လာခဲ့သည်။
ထို့ကြောင့် ၃၅ နှစ် အတွင်းမှာပင် တောင်ကိုးရီးယား နိုင်ငံသည် တစ်ဟုန်ထိုး ကြီးပွားချမ်းသာလာခဲ့ပြီး ကမ္ဘာ့ စီး ပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် တောင်ကိုးရီးယား နိုင်ငံကဲ့သို့ မပြင်ဆင်ထားနိုင်ခဲ့လျှင် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တွင် လည်း ခရိုနီဟောင်းများကသာ စီးပွားရေးကဏ္ဍ၌ လက်ဝါးကြီးအုပ် စိုးမိုးလာနိုင်သော အခြေအနေမျိုးနှင့် ကြုံ လာရနိုင်သည်ဟု နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ် က ပြောသည်။
“ငွေပင်ငွေရင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေက ခင်ဗျားတို့ ကျွမ်းကျင်သူရှိမှ လာမယ်ဆိုတဲ့ အခါမှာ နိုင်ငံတော် က ဘာမှ လုပ်ပိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျနော်တို့နိုင်ငံ ပြောင်းလဲဖို့ နိုင်ငံ ကာကွယ်ဖို့ ဆိုပြီးတော့မှ လုပ်ခဲ့ တဲ့သူတွေက ဘေးထုတ်ခံရမှာ ဆိုတဲ့အခါ ပိုက်ဆံတွေက နိုင်ငံတော်ထက်ကို ပိုပြီးတော့ ဩဇာကြီး လာနိုင်တယ်။”
ထိုအချက်သည် တိုင်းပြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်လာနိုင်သောကြောင့် စီးပွားရေး ကဏ္ဍ အတွက် ယခုကတည်းက လူ့အရင်းအမြစ်ပိုင်းကို ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ခြင်း ဖြစ်သည်ဟု အီဂေါဗလာဇီဗစ်က ဆိုသည်။
စီးပွားရေးပညာရှင် ဒေါက်တာ မင်းမင်းသော်ကလည်း NUG သာမက တော်လှန်ရေး လုပ်နေကြသူများ အနေဖြင့် လည်း တော်လှန်ရေးကာလ အတွင်း၌ပင် လူသား အရင်းအမြစ်များ စတင်မွေးထုတ်ရန် အရေးကြီးနေပြီဟု ပြော သည်။
ထိုအချက်သည် တော်လှန်ရေး အလွန်ကာလ လူမှုစီးပွားပြန်လည် တည်ထောင်ရေးတွင် အသုံး အဝင်ဆုံးသော ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။
သို့သော် စက်မှု၊ နည်းပညာ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်ရေစီးကြောင်း၌ မြန်မာနိုင်ငံအနေဖြင့် ပညာ ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု လုပ်မထားပါက ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ၏ လက်ဝါးကြီး အုပ်မှုကိုလည်း ခံရနိုင်ခြေရှိသည်ဟု အီဂေါဗလာဇီဗစ်က ထောက်ပြပြောဆိုသည်။
အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်လာစေရန် စစ်အာဏာရှင်အား တော်လှန်ရမည် ဖြစ်သကဲ့ သို့ တစ်ဖက်တွင်လည်း ပေါ်ပေါက်လာနိုင်သော Neoliberalism economy စနစ်အတွက် ပညာရေးနှင့် ကျန်းမာ ရေး ကဏ္ဍများတွင် ကြိုတင် ပြင်ဆင်ထားခြင်းဖြင့် လူမှုစီးပွား တရားမျှတမှု (Social economic Justice) ရရှိလိမ့် မည်ဟု ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။
ပုံစာ – ကရင်နီပြည်အတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် လမ်းပိုင်းတစ်နေရာတွင် ကုန်ပစ္စည်းများ သယ်ယူနေသော ကုန်တင်ကားများနှင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးအား ဇွန်လ၂၈ ရက်နေ့ ၂၀၂၄ တွင် တွေ့ရစဉ်။