တိုက်ပွဲကြားက ကရင်နီပြည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။

တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ထဲ ကရင်နီပြည်လည်း ပါပါတယ်။ အထူးသဖြင့်တော့ လွိုင်ကော်မြို့ဘက်မှာ ဆက် တိုက်ဆိုသလို ဖြစ်နေတာပါ။ 

စစ်ကောင်စီကတော့ မြို့တော် လွိုင်ကော်ကို ထိန်းချုပ်နိုင်ရေး ကြိုးစားမှုတွေ ရှိပါတယ်။ လူထုနဲ့ ဝန်ထမ်းတွေကို လည်း ပြန်လာနေလို့ရပြီလို့ ခေါ်နေပါတယ်။ 

ကရင်နီစစ်ရှောင်ပြည်သူတွေဟာ နေရပ်ကို ပြန်တဲ့လူ တချို့ရှိသလို တချို့ကတော့ တောတောင်တွေထဲ စစ်ရှောင် နေဆဲပါ။ မိုးတွင်းကာလဖြစ်တဲ့ အတွက် ဖျားနာသူတွေကလည်း များနေပြီး ဆေးဝါးလိုအပ်ချက်ကလည်း မြင့်တက်နေပါတယ်။ 

လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းတချို့ကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြားတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာ နေပါ တယ်။

လွိုင်ကော်မြို့ နမ့်ဘော်ဝမ်၊ ကြည်သာယာနဲ့ မိုင်းလုံးရပ်ကွက်ထဲရှိ စစ်ကောင်စီအထိုင်ချနေတဲ့စခန်းတွေကို ကရင် နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ လွိုင်ကော်အခြေစိုက် အမှတ် ၅၄ ခြေလျင်တပ်ရင်းနဲ့  နီးတယ်လို့ ရှေ့တန်းသတင်း အရင်းအမြစ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့အနီးတစ်ဝိုက်မှာ လက်နက်ကြီး လက်နယ်ငယ်တွေကြားနေရတာကြောင့် ပြန်လာနေထိုင်နေတဲ့ ပြည်သူတချို့ဟာ မြို့ကနေ ပြန်လည်ထွက်နေကြပြီလို့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။

လွိုင်ကော်မြို့နဲ့ပတ်ဝန်းကျင်မှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး  တိုက်ပွဲတွေလည်း အချိန်မရွေးဖြစ်လာ နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်သူတွေအနေနဲ့ နေရပ်မှာပြန်မနေသေးကြဖို့ အသိပေးပြောဆိုထားပေမဲ့လည်း ရပ်ရွာ၊ အိုးအိမ်တွေကို စိတ်မချလို့ ပြန်လာသူတွေရှိနေပြီး တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေ ထိခိုက်မှု မရှိအောင် သတိထားနေရတယ်လို့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ် တာဝန်ရှိသူတွေက ပြောပါတယ်။

လွိုင်ကော်မြို့ အခြေအနေ 

လွိုင်ကော်မြို့မှာတော့ ဖောက်ထွင်း ခိုးယူသူတွေကြောင့် နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ ပြန်လည် ထူထောင်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခေတ္တပြန်ရောက်နေသူတွေက ပြောပါ တယ်။ 

လွိုင်ကော်မြို့ထဲက ရပ်ကွက်တိုင်းနီးပါး ‌ဖောက်ထွင်း ခိုးယူခံထားရပြီး တချို့ရပ်ကွက်တွေမှာ အိမ်အခွံပဲ ကျန် တော့တယ်လို့ ဆိုပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အသစ်ကနေ ပြန်စနေရတယ်လို့ စစ်ရှောင် တစ်ယောက်က ပြောပါတယ်။

“ပစ္စည်းခိုးကြတယ် ဆိုတာထက် ပစ္စည်းယူကြတယ် ပြောရမှာပေါ့နော်။ ၃ ဖက်လုံးပဲ ပြည်သူတွေလည်း ယူ တယ်။ တော်လှန်ရေးဘက်က ကောင်တွေတချို့လဲ ယူကြတာရှိတယ်။ စစ်တပ်ကလည်း ယူတယ်။ ဒါကတော့ အပွင့်လင်းဆုံး အမှန်ကန်ဆုံး ပြောတာပါ‌ဗျာ။ KNDF အနေနဲ့လည်း စည်းကမ်းတွေအများကြီး ထိန်းချုပ်ထားတာ ရှိတယ်၊ အဖွဲ့တိုင်း လိုလိုပေါ့နော်။”

ခိုးရာပါပစ္စည်း အများစုကို ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းရပ်ကွက်မှာ ရောင်းချနေကြပြီး ကား၊ ဆိုင်ကယ်တွေကို တော့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရုံး(ဒကစ)မှာ ဝယ်ယူနိုင်တယ်လို့ စစ်ကောင်စီတပ်တွေက ရပ်ကွက်တချို့မှာ ကြေညာထားပါတယ်။

ဒါ့အပြင် ရှမ်းပိုင်းရပ်ကွက်မှာလည်း စစ်ကောင်စီတပ်က သူခိုးတွေနဲ့ ပေါင်းပြီး ဖောက်ထွင်းနေတဲ့ အချိန်တွေမှာ ကင်းလှည့်ပေးနေတာမျိုးတောင် ရှိနေတယ်လို့ ရပ်ကွက်တွင်း ကျန်ရှိနေသူတွေက ဆိုပါတယ်။ 

ရှမ်းပိုင်းရက်ကွက်နေ ပြည်သူတစ်ဦးက “စစ်တပ်မှာလည်း သူ့ဟာနဲ့သူ ထိန်းချုပ်ထားတာလည်း ရှိကောင်းရှိလိမ့် မယ်ဗျာ။ ဒါပေမဲ့ စစ်တပ်ကတော့ ကျနော့အထင်တော့ သူတို့ကိုပဲ မကောင်းပြောနေတာတော့ မဟုတ်ဘူးဗျ၊ ဒီကောင်တွေကိုက မကောင်းတာ ဖြစ်နေတာကိုးနော်။ သူတို့လူကြီးတွေ ကိုယ်တိုင်ကိုက ခိုးခိုင်းတဲ့ဟာတွေ၊ သူတို့လူကြီးတွေ ကိုယ်တိုင်ခိုး ပြီး တော့မှ ပေါ်တင်ရောင်းချတဲ့ဟာတွေ အဲ့ဒါတွေက ရှိတယ်ဗျာ” လို့ ပြောပါ တယ်။

ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)က သူခိုးတွေကို ဖမ်းဆီးအရေးယူမှုတွေ ရှိနေပေမယ့်လည်း ရဲအင်အားထက် သူခိုး အင်အားက ပိုများနေလို့ မနှိမ်နှင်းနိုင်ဘဲ ဖြစ်နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

လွိုင်ကော်မြို့မှာ မေလ နောက်ဆုံးအပတ်က စပြီး နေရပ်ပြန်လာသူ တချို့ ရှိပေမယ့်လည်း တချို့က လိုအပ်တဲ့ ပစ္စည်းတွေ ပြန်ယူပြီးနောက် ပြန်လည်ထွက်ခွါသွားကြတယ်လို့ ဆိုပါတယ်။

လတ်တ‌လောမှာတော့ စစ်ကောင်စီတပ်၊ စစ်မှုထမ်းဟောင်း မိသားစုဝင်၊ Non-CDM မိသားစုဝင်တွေနဲ့

ပြည်သူအနည်းငယ်ပဲ ကျန်ရှိနေတယ်လို့ နေရပ်ပြန် စစ်ဘေးရှောင်တွေက ပြောပါတယ်။

လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ

တောတောင်ထဲက စစ်ရှောင်တွေကတော့ မိုးရာသီကာလ ဖြစ်လို့ ဆေးဝါးလိုအပ်ချက်တွေနဲ့ ကျန်းမာရေး စောင့် ရှောက်မှု အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေးစောင့် ရှောက်ပေးသူ ဝန်ထမ်းတွေက ပြောပါတယ်။

ရွာချင်း ဆက်သွယ်ထားတဲ့ လမ်းတွေဟာ မြေသားလမ်းတွေသာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု‌ပေးဖို့ သွား ရောက် ကွင်းဆင်းရာမှာ လမ်းလျှောက် ကွင်းဆင်းရတဲ့အတွက်လည်း ခက်ခဲပင်ပန်းမှုများစွာ ကြုံတွေ့နေရတယ် လို့ ကရင်နီပြည် ဝေးလံခေါင်းဖျား‌ဒေသဖြစ်တဲ့ ဖရူဆိုမြို့နယ်အနောက်ဘက် ထူးချောင်းဒေသမှာ စစ်ရှောင်ရင်း စေတနာ့ဝန်ထမ်း လုပ်ကိုင်နေတဲ့ CDM သူနာပြုဆရာမတစ်ယောက်က ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးအပြင် ကျေးရွာလူထုတွေအတွက် လိုအပ်တဲ့ အ‌ခြေခံဆေးဝါးတွေရရှိဖို့လည်း အလွန် ခက်ခဲနေတယ်လို့ CDM သူနာပြု ဆရာမက ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်ထဲက လူဦးရေထက်ဝက်ခန့် စစ်ရှောင်နေကြရတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေက ကျောင်းတွေမှာလည်း အခြေခံဆေးဝါးနဲ့ ကျောင်းကျန်းမာရေး အသိပညာပေးတဲ့ကိစ္စရပ် တွေမှာ လိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင် CDM ကျောင်းဆရာတစ်ယောက်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက် လွိုင်နန်းဖဇုန်ထဲမှာရှိတဲ့ ရွာတစ်ရွာမှာ လူဦးရေတစ်ရာကျော် တုပ်ကွေးရောဂါ ခံစားနေရတယ်လို့ ကျေးရွာဆေးပေးခန်းက CDM သူနာပြု ဆရာမတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ငှက်ဖျားရောဂါလည်း ဖြစ်ပွားနေပြီး ရွာခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ နှာစေးချောင်းဆိုးတာ၊ ကိုယ်ပူ တာ၊ ခေါင်းမူးတာ၊ လည်ချောင်းနာတာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ-စတဲ့ရောဂါလက္ခဏာတွေကို ခံစားနေရတယ်လို့ ဆိုပါတယ်။

တုပ်ကွေးနဲ့ငှက်ဖျားရောဂါတွေကို စစ်ဘေးရှောင်တွေနဲ့ ရွာခံတွေသာမက တော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေလည်း ခံစားနေရတယ်လို့ တော်လှန်ရေးရဲဘော်တစ်ယောက်က ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဆေးဝါးတွေဝယ်ယူဖို့နဲ့ သယ်ယူဖို့ ခက်ခဲတာ၊ ငွေကြေး မလုံ လောက်တဲ့အတွက် ဆေးခန်းမသွားနိုင်တာ၊ ဆေးမဝယ်စားနိုင်တာ-စတဲ့ အခြေအနေတွေကြောင့် ဆေးမီးတိုနဲ့ ကုသနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရွာဆေးပေးခန်းမှာလည်း ဆေးဝါးမပြည့်စုံတဲ့အပြင် လုံလောက်မှုလည်း မရှိတဲ့အတွက် ကူညီ ထောက် ပံ့ပေးကြဖို့ CDM သူနာပြုဆရာမက ဆိုပါတယ်။

တိုက်ပွဲကြားမှ ကလေး အယောက် ၇၀၀၀ ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဘက်ကတော့ စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေပါတယ်။ IEC ဖွဲ့စည်းတဲ့ တစ်နှစ်တာ ကာလအတွင်း ကလေး သူငယ်ပေါင်း ၇,၀၀၀ ကို ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပါတယ်။

IEC ဖွဲ့စည်းတဲ့ တစ်နှစ်ပြည့် မိဘပြည်သူတွေဆီကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ IEC ဥက္ကဋ္ဌ ခူဦးရယ်က အခုလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“၂၀၂၃ – ၂၀၂၄ ခုနှစ်အတွင်းမှာ ကရင်နီပြည် အဝန်းအဝိုင်းအတွင်း ကလေးသူငယ်ပေါင်း ၇,၀၀၀ ကို ကာကွယ် ဆေး ၂ ကြိမ်ခွဲပြီး ထိုးနှံပေးနိုင်ခဲ့ပါတယ်။ ကျေးလက်နေ ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို လက်လှမ်းမီစေဖို့အတွက် ဆေးခန်းတွေကို တိုးချဲ့တာအပြင် နယ်လှည့်ဆေးကုမှုလုပ်ငန်းတွေကိုလည်း ဆောင် ရွက်လျက်ရှိပါတယ်။”

ကလေးသူငယ်တွေအတွက် ကာကွယ်ဆေးထိုးတာတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် သောင်းနဲ့ချီတဲ့လူနာတွေကို ဆေးကုသမှုပေးနိုင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

ခူဦးရယ် “ကျန်းမာရေးကဏ္ဍအနေနဲ့ ကျန်းမာရေးဌာနကို ဖွဲ့စည်းပြီး ကရင်နီပြည်အတွင်းမှာရှိတဲ့ ကျန်းမာရေး အစုအဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အခြေခံကျန်းမာရေးဝန်ဆောင်မှုအပြင် ကုသရေးနဲ့ ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တစ်နှစ်တာ ကာလအတွင်း ကရင်နီပြည်တစ်ဝှမ်းမှာ ဆေးခန်းပေါင်း ၆၀ ကျော်နဲ့ ပြည် သူ့ဆေးရုံ ၁ ရုံကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆေးရုံဆေးခန်းကနေ ပြည်သူနဲ့ တော်လှန်ရေး ရဲဘော်ပေါင်း ငါးသောင်း ကျော်ကို ကုသမှုပေးနိုင်ခဲ့ပါတယ်” လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ မသန်စွမ်းပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေအတွက် ခြေတုတပ်ဆင် ပေးတာ၊ ခြေတုတပ်ဆင်ရေးဆိုင်ရာ အလုပ်ရုံနဲ့ နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်မှုတွေအပြင် လစဉ် စားနပ် ရိက္ခာပံ့ပိုးမှုတွေကို ကျန်းမာရေးဌာနက ကြိုးပမ်းအကောင်အထည်ဖော်နေတယ်လို့ IEC ဥက္ကဋ္ဌ က ပြောပါတယ်။

IEC အနေနဲ့ တစ်နှစ်တာကာလအတွင်း ပြည်နယ်ထဲရှိ မြို့နယ် ၈ မြို့နယ်မှာ ကျန်းမာရေးဝန်ဆောင်မှုတွေအပြင် ပညာရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ လူမှုကူညီရေးလုပ်ငန်းတွေကိုလည်း လုပ် ဆောင်နိုင်ခဲ့တယ်လို့ IEC က ဆိုပါတယ်။

ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးကို ပြည်နယ် ကြားကာလ အစီအမံနဲ့အညီ လက်တွေ့အကောင်အထည်ဖော်ဖို့၊ ပြည် သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ဘဝလုံခြုံရေးနဲ့ တခြားအခြေခံ လိုအပ်မှုတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ IEC ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပြည်နယ်အတိုင်ပင်ခံ ကောင်စီရဲ့ လမ်းညွှန်ချက်နဲ့အညီ တရားဥပဒေစိုးမိုးရေးနဲ့ အသွင်ကူးပြောင်းရေး ကာလ အစီအမံတွေကိုပါ စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ဖို့ အတွက် IEC ကိုဖွဲ့စည်းခဲ့တာလို့ ဆိုကြပါတယ်။

စစ်ရှောင်ကျောင်းသားများအတွက် ပြင်ဆင်ထားမှုများ

တိုက်ပွဲတွေကြားထဲကနေပဲ IEC က အုပ်ချုပ်ရေးပိုင်းကို ရသလောက် ဖော်ဆောင်နေပါတယ်။ စစ်ရှောင် ပြည်သူ တွေကလည်း သူတို့တတ်နိုင်တဲ့ အပိုင်းကို သူတို့ဟာ သူတို့ အကောင်အထည် ဖော်နေကြပါတယ်။

ဒီ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် စာသင်ဆောင်တွေမှာ ဗုံးခိုကျင်းတွေကိုပါ ထည့်သွင်း ဆောက်လုပ်နေရတယ်လို့ ကရင်နီစစ်ဘေးရှောင်တွေနဲ့ ကျောင်းတာဝန်ခံက လုပ်နေကြပါတယ်။ သတင်းပေးပို့ချက် တပုဒ်ကို နားဆင်ကြည့်ရအောင်ပါ။ 

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ စာသင်နှစ် ၃ နှစ်ရှိပြီဖြစ်ပေမဲ့လည်း အခုနှစ်မှ စာသင်ဆောင်ကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နိုင်ခဲ့ပြီး စာသင်ဆောင်တွေမှာ ဗုံးခိုကျင်းကိုပါ ထည်သွင်း ဆောက်လုပ်ထားတယ်လို့ ကျောင်းတာဝန်ခံနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦး “အခုက ကျောင်းဆောင်ရလာပြီဆိုတော့ အမတို့အနေနဲ့က အဝေးကြီး လည်း သွားပို့စရာမလိုတော့ဘူး။ ကိုယ့် အနီးအနားမှာရှိတဲ့ကျောင်းမှာ ထားလိုက်ရတော့ အများကြီး ပိုလုံခြုံသွားတာပေါ့။ အရေးနဲ့အကြောင်းဆို ကိုယ့် ကလေးကို သွားပြေးခေါ်လို့လည်းရတယ်။ ပြီးကျောင်းမှာ ဗုံးခိုကျင်းတွေလည်း လုပ်ထားပေးတဲ့အတွက်ကြောင့် ကလေးတွေအတွက် အရမ်းအဆင်ပြေတယ်ပေါ့လေနော်။ အဲ့ဒါကြောင့်မို့ ပိုပြီးတော့မှ စိတ်ချလက်ချနဲ့ ကလေး ကို ကျောင်းထားနိုင်သွားတာပေါ့” က ပြောပါတယ်။

စာသင်နှစ် ၃ နှစ်ပြီးဆုံးတဲ့အထိ စာသင်ဆောင်ဆိုပြီး သီးသန့်မရှိဘဲ အခုနှစ်မှာ ကျောင်းတာဝန်ခံရဲ့ သူငယ်ချင်း တွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဓမ္မအမှုတော်ဆောင်တွေဆီကနေ အကူအညီတောင်းခံပြီး ရရှိတဲ့ အကူအညီနဲ့ ကျောင်း ဆောင်ကို ဆောက်လုပ်နိုင်ခဲ့တယ်လို့ ကျောင်းတာဝန်ခံက ပြောပါတယ်။

အဲဒီကျောင်းဆောင်ကို ပေ ၇၀၊ ၁၅ ပေ တစ်ဆောင်၊ မူကြိုဆောင်ကို ပေ ၂၀၊ ၁၅ ပေတစ်ဆောင်နဲ့ ကျောင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေပါ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းရှိ စာသင်ကျောင်းတွေနဲ့ အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေကို စစ်ကောင်စီ တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် စာသင်ကြားနေတဲ့ စစ်ရှောင်ကလေးတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေကို ကျောင်း ဆောင်ထဲမှာ ထည့်သွင်းဆောက်လုပ်ထားတာလို့ ပြောပါတယ်။

စစ်ရှောင်စခန်းထဲမှာ စာသင်ဆောင်ရှိလာတဲ့အတွက် မိဘတွေအနေနဲ့ ကလေးတွေနဲ့အနီးမှာရှိနေရပြီး ကျောင်း ထားရာမှာလည်း ပိုပြီးစိတ်ချလာကြရတယ်လို့ စစ်ရှောင် ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။

“ဒီနှစ်ခါကျ ဒီဘက်ကို ရောက်လာတယ်။ ပြီးခါကျတော့ စာသင်ကျောင်း မရှိဘူးဆိုတော့ တော်တော်စိတ်ပျက် သွားတယ်။ ဒါပေမဲ့ ကိုယ်လည်း စစ်ရှောင်နေရတာဆိုတော့ ဒီကျောင်းဖွင့်တဲ့အချိန်မှာရောက်လာတော့ ဒီက ဆရာမတစ်ဦးက စစ်ရှောင်အတွက်ဆို ကျောင်းဆောက်ဖို့ အလှူခံလိုက်တော့ ကျောင်းဆောင်တစ်ခု ဖြစ်လာ တယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ ဝေးဝေးလံလံ သွားစရာလည်းမလိုဘူး။  ဆရာ၊ ဆရာမလည်း ငှားစရာ မလို တော့ဘူးဆိုတော့ဘူး။ စစ်ရှောင်တဲ့အချိန်မှာ ဝင်ငွေကလည်း မရှိတော့လေ။ အဲ့လို ငှားဖို့က အရမ်းခက်ခဲ သွား တယ်။” 

ကြိုတင်ပြင်ဆင်မှုများက အထောက်အကူဖြစ်ရဲ့လား

ဒီလို အကာအကွယ်တွေ လုပ်နေပေမယ့်လည်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေက တိုးလာနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကရင်နီပြည်မှာ ၆ လတာ ကာလအတွင်း အရပ်သား ၄၈ ယောက် သေဆုံးခဲ့ပြီး ၁၄၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ IEC က ပြောပါတယ်။ 

လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးဒဏ်ရာရရှိမှု အများ ဆုံးဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် သေဆုံးတာ၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတာ၊ လက်နက်မတော်တဆထိခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ၂၀၂၄  ဇန္နဝါရီလကနေ ဇွန် လအထိ ၆ လတာ ကာလအတွင်း ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ IEC က ဆိုပါတယ်။

အခု ဇူလိုင်လထဲမှာတော့ လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်တချို့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက် သေဆုံးမှုတွေ ပါရှိခဲ့တယ်လို့ IEC အတွင်းရေးမှူး-၂ ဦးဗညားက ပြောပါတယ်။ 

“ဇူလိုင်လကတော့ လောလောဆယ်ကတော့ ၄ ရက်နေ့မှာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ သိရတယ်ပေါ့ နော်။ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျရောက်ထိမှန်သေဆုံးတာလို့ အကြမ်းဖျင်း သိရတယ်နော်” 

၆ လတာကာလအတွင်း စစ်ကောင်တပ်ရဲ့လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၉ ယောက်၊ အမျိုး သမီး ၂ ယောက်၊ အမျိုးသား ၄ ယောက်နဲ့ အချက်အလက်မသိရှိသူ ၁ ယောက်တို့ သေဆုံးခဲ့ပြီး ကလေး ၉ ယောက်၊ အမျိုးသမီး ၁၄ ယောက်နဲ့ အမျိုးသား ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ IEC က ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၅ ယောက်၊ အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၂ ယောက်သေဆုံးခဲ့ ပြီး ကလေး ၄၅ ယောက်၊ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

လက်ရှိ ဇူလိုင်လ ပထမပတ်ထဲမှာပဲ ကရင်နီပြည်ထဲ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့ အကြား စစ်ရေးတင်းမာမှုတွေနဲ့အတူ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်ရေးတင်းမာပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အရပ်သား ပြည်သူတွေအနေနဲ့ နေရပ်ပြန်ဖို့ မသင့်တော် သေးပေမဲ့လည်း လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်တွေထဲ ပြန်နေထိုင်သူတွေလည်း ရှိနေတယ်လို့ ကရင်နီတပ်မ တော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။

ဗိုလ်မှူးကြီး ဘုန်းနိုင် – စစ်ရေးချုပ် ကရင်နီတပ်မတော် KA

”အမှန်ကတော့ သူတို့ စစ်မြေပြင် မပြန်လာကောင်းဘူးလေး။ တချို့တလေ မှိုင်းလုံးတို့ ဘာတို့၊ ရွာတန်းရှည်တို့၊ မြကလပ်တောင်တို့ ဘာတို့ပေါ့။ ဒါပေမဲ့ များတာကတော့ နမ့်ဘော်ဝမ်မှာတော့ များတယ်။ နမ့်ဘော်ဝမ်က ရန်သူ လည်း ပိုရှိတယ်လေ။ လူထုလည်း ရှိတယ်လေ။ ရွာသားတွေက ဘယ်လောက်ရှိလဲ၊ ဘယ်လောက်သေလဲဆိုရင် ကျနော်လည်း မသိဘူးလေနော်။ အဲ့ဒါက အခြေအနေ ဆက်ပြီးတော့မှ နားထောင်ရမယ်ပေါ့နော်“

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်ထဲမှာ သတ်ဖြတ်ခံရသူ ၅၄၃ ယောက်၊ ဖမ်း ဆီးခံရသူ ၃၇၄ ယောက်နဲ့ ထိခိုက်ဒဏ်ရာရှိသူ ၆၃၃ ယောက်ရှိပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက် (KCSN) ရဲ့ နှစ်ပတ်တစ်ကြိမ် ထုတ်ပြန်ချက်အရ သိရပါတယ်။ KCSN ရဲ့ထုတ်ပြန်ချက်အရ ဖမ်းဆီး သတ်ဖြတ်ခံရ သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အားလုံးက အရပ်သားတွေဖြစ်လို့လည်း သိရပါတယ်။

ဒီတပတ်မှာတော့ ကရင်နီပြည်နယ်ထဲက စစ်ရေးအပြင် စစ်ရှောင်တွေ ကြုံနေရတဲ့ အခက်အခဲနဲ့ အခြေအနေ တွေကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။