စစ်ကောင်စီ စစ်ကြောင်းမှ ဖမ်းဆီးသွားသူ လူငယ်တစ်ဦး မိသားစုနှင့် အဆက်အသွယ်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။
ထားဝယ်မြို့နယ်အတွင်း လူငယ်တစ်ဦးကို စစ်ကောင်စီ စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ငါးရက်ကျော်ကြာသည့်အထိ သတင်းအစအနမရရှိသေးကြောင်း ရွာသားများက ပြောသည်။
မောင်မယ်ရှောင်ကျေးရွာ အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ ရွာသား ၃ ဦးထက် မနည်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ ပြီး ယနေ့အချိန်ထိ အဆက်အသွယ် မရသေးဘူးဟု ရွာသားများက ပြောသည်။
အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ့လို့ ဆိုပြီး ဖမ်းသွားတာပါ၊ ခေါ် သွားပြီးကတည်းက ဘာအစအနမှ မကြားရတော့ဘူး၊ ရွာမှာက လူအတော်များများက ရှောင်တိမ်းနေ ကြ ရတာ၊ လူတချို့နဲ့ မပြေးလွှားနိုင်တဲ့ လူကြီးတွေပဲကျန်တာ” ဟု ပြောသည်။
ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသူများထဲမှ အသက် ၂၅ နှစ်အရွယ်၊ ကိုဇော်ဇော် အား စစ်ကောင်စီတပ် မှ လက်ပြန် ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က ရွာထဲတွင် တပ်စွဲထားချိန် အသက် ၆၀ ကျော် အမျိုးသားတစ်ဦး အပါအဝင် ရွာသားသုံးဦး ကိုလည်း အပြင်းအထန် ရိုက်နှက်ခဲ့ကြသေးသည်ဟု ပြောသည်။
မောင်မယ်ရှောင် ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့တပ်ဖွဲ့က လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အဆိုပါ အမျိုးသားမှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားသူ ကိုဇော်ဇော် အပါအဝင် ရွာသားများနှင့် ငါးရက်ကြာသည်အထိ သတင်းအစအန မရရှိ သေးသည့် အပေါ် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်စိတ်ပူနေရ သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့ကလည်း နေအိမ်လေးဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် တစ်ရွာလုံးရှိ နေအိမ်များကို မွှေနှောက်ကာ ဆိုင်ကယ်၊ ရွှေငွေများနှင့် တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင် သွားခဲ့သေးကြောင်း ရွာသားများက ဆိုသည်။
မောင်မယ်ရှောင်ကျေးရွာ အတွင်း ငါးရက်ကြာ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်သည် ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာဘက်သို့ ဇူလိုင်လ ၂၈ ရက်နေ့က ထွက်ခွာသွားခဲ့ သည်။
ဓါတ်ပုံ – ဖမ်းဆီးခံရသူ ကိုဇော်ဇော်၏ပုံ