တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရေကျော်၍ ဖြတ်သန်းသွားလာ၍ မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။
တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီ – ကော့သောင်းသွား ပြည်ထောင်စု လမ်းမကြီးပေါ ရေကျော်နေ၍ အဆိုပါလမ်းကို အသုံးပြုမရတော့ကြောင်း ယာဥ်မောင်း များက ပြောသည်။
ဇူလိုင်လ ကုန်ခါနီး ရက်များတွင် လယ်တောင်ယာကျေးရွာ အနီး ကားလမ်းရေကျော်လာ၍ ကုန်တင်ယာဉ်များအပြင် ခရီးသည်တင်ယာဉ်များပါ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဆိုကြသည်။
အသက် ၄၀ ခန့်အရွယ် လယ်တောင်ရွာသားတစ်ဦးက “တချို့ကားသမားတွေက ဟိုဘက် ဒီဘက်က ခရီးသည် တင်ကား အချင်း ချင်း ချိတ်ပြီးတော့ ခရီးသွားတွေကို လှေတွေ၊ ဖောင်တွေနဲ့ လယ်တောင်ယာရွာမှ တမုတ်ချုံ ရွာ အထိ ကူးပေးနေပါတယ်။ လှည့်ပြန်တဲ့ သူတွေက များ တယ်။ အမြန်လိုတဲ့ လူနည်းစုလောက်ပဲ ဖြတ်သန်း သွားလာကြတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်မှ စတင်ရေကျော်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် အဆိုပါ လမ်းပိုင်း ဖြတ် သန်းသွား၍ မရတော့သောကြောင့် ခရီးသည်များ အခက်တွေ့နေကြသည်။
မြိတ် – တနင်္သာရီနှင့် ဘုတ်ပြင်းဘက်မှ လာသည့် ခရီးသည်တင် ကားအများစုမှာ ကားလမ်း ပြတ်တောက်သွား သောကြောင့် လာရာလမ်းအတိုင်း ပြန်လှည့်နေကြရသည်ဟု ကားသမားတစ်ဦးက ဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းတည့်ပိုင်း အချိန်မှစပြီး ဘုတ်ပြင်းမြို့ အထွက်တွင် ကားလမ်း ရေကျော်နေခြင်းကြောင့် ကုန်တင်ယာဥ်များနှင့် ခရီးသည်တင်ယာဥ်များ ဖြတ်သန်းသွားလာ၍ မရ ဖြစ်သွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရေအနည်းငယ်ကျလာပြီဟု ဆိုကြသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင်မူ တနင်္သာရီ – ဘုတ်ပြင်း ကားလမ်းတလျှောက် လယ်တောင်ယာကျေးရွာအနီး မရောက်ခင်အထိ အချို့နေရာများတွင်လည်း ရေကြီးနေသေးသည်ဟု ဆိုကြသည်။ သို့သော်လည်း အဆိုပါ လမ်းပိုင်းမှာ သွားလာ၍ ရနေသေးကြောင်း၊ အခြေအနေများကို စောင့်ကြည့်ကာ သွားလာနေရသည်ဟု ကားသမားများက ဆိုသည်။
လက်ရှိ တနင်္သာရီမြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာအများစုမှာ ရေဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရပြီး ဇူလိုင် လ ၃၀ ရက်နေ့၊ နံနက်ပိုင်း တိုင်းတာချက်များအရ တနင်္သာရီမြစ်ရေသည် အန္တရာယ် ရေအမှတ် ၂၄ ပေ ထက် ကျော်လွန်ကာ ၂၉ ပေ ၁၀ လက်မ အထိရှိနေသည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။