စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများရှိ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

မြိတ် – ထားဝယ် ကားလမ်းမတလျှောက်ရှိ ပုလောမြို့နယ်နှင့် သရက်ချောင်းမြို့နယ် အစပ်ကြားတွင် တိုက်ပွဲများ နေ့စဥ်လိုလို ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

သရက်ချောင်းမြို့နယ်၊ အင်းမကျေးရွာရှိ မြိတ်မြို့ စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် (ပြည့်ဖြိုးထွန်းကုမ္ပဏီ)၏ ရော်ဘာစိုက်ခင်းကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပြီးခဲ့သည့် တစ်ပတ်ခန့်က စီးနင်းသိမ်းပိုက် ထားခြင်းကြောင့် စစ်ကောင်စီတပ်မှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒု-တာဝန်ခံက တစ်ရက်နေ့က တိုက်ပွဲအပြီး နေအိမ်ကို ခဏ ပြန်တဲ့ ဦးလွင်ဇော် ၅၀ နှစ်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်လို့ ဦးနှောက် ကနေ မျက်စိကို ကျည်ဖေါက် ထွက်ပြီး သေဆုံးခဲ့တယ်။ ကိုကျော်မင်းစိုး အသက် ၂၄ နှစ်ကတော့ လက်နက်ကြီး ကျည်စထိမှန်လို့ သေဆုံးခဲ့ တယ် ဟု ပြောသည်။

သရက်ချောင်းမြို့နယ် အပိုင် အင်းမကျေးရွာနှင့် ပုလောမြို့နယ်ထဲရှိ ဆင်ထိုးကြီး‌ကျေးရွာတို့တွင် သြဂုတ်လ ၁ ရက်နေ့ ညနေ ၃ နာရီခန့်က တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုတိုက်ပွဲများထဲ ရွာသားများ ထိခိုက်သေဆုံးမှု များရှိခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လဆန်းပိုင်း ကတည်းက စစ်ကြောင်းထိုး ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန် လေးကြိမ်ထိ ဖြစ်ထားပြီး လက်ရှိအချိန်ထိလည်း စစ်ရေး တင်းမာလျက်ရှိနေသည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဒု-တာဝန်ခံက ဆိုသည်။

ထို့အပြင် သြဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း အင်းမကျေးရွာမှ အသက် ၂၀ ခန့်အရွယ် အမျိုးသားတစ်ဦး ခြေဖဝါးတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သေးသည်။

ဩဂုတ်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သဖြင့် အင်းမကျေးရွာမှ ရွာသား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၂ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့သည် ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ဆင်ထိုးကြီးကျေးရွာ စာသင်ကျောင်းတွင် အင်အား ၁၀၀ ကျော်ခန့်ဖြင့် တပ်စွဲထားပြီး သြဂုတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်မှ စတင်၍ မြိတ် – ထားဝယ်သွား ကားလမ်းမကြီးကို တိုက်ပွဲမရှိ ဘဲ ပိတ်ချထားသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် KNU တပ်မဟာ (၄) တပ်ရင်း(၁၂)၊ KNU တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် သရက်ချောင်းမြို့နယ် အခြေစိုက် ဒေါင်းညီနောင် စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။

တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားနေပြီး နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည့်အတွက် မလိုအပ်ဘဲ ခရီး မသွားကြဖို့ နှင့် လိုအပ်၍ သွားလာခဲ့ပါကလည်း စစ်ရေးသတင်းကို နားစွင့်ပြီးမှ သွားလာကြရန် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက မေတ္တာရပ်ခံထားသည်။