စစ်ကောင်စီတပ်က မောင်မယ်ရှောင်ကျေးရွာကို မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာထဲ အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့က ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ဘေးရှောင်နေရသူ အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက မီးက တော်တော်လေးများတယ်၊ မီးခိုးလုံး ကြီးတွေကို လှမ်းမြင်နေရတယ်။ မီးလောင်နေတဲ့နေရာနဲ့ အနည်းငယ် လှမ်းနေပေမဲ့ မီးပေါက်ထွက်နေတဲ့ အသံတွေ သေသေချာချာ ကြားနေရတယ်။ မီးရှို့ခံရတဲ့ အိမ်ဆယ်ဆောင် လောက်ရှိတယ် ဟု ပြောသည်။

မောင်မယ်ရှောင်ကျေးရွာထဲသို့ မြေတင်ကား လေးစီးစာနှင့် ခြေလျင်အင်အား ၃၀ ကျော်တို့ စုပေါင်းပြီး အင်အား ၁၀၀ ကျော် ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် ကျေးရွာအရှေ့ပိုင်းရှိ နေအိမ် များကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ရွာထဲသို့ စတင် ဝင်ရောက်လာစဥ် ကတည်းက အိမ်များကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာသားများက ဆိုသည်။

ထို့အပြင် ညနေပိုင်းမှာပင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာသားများ၏ ဆိုင်ကယ် သုံးစီးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့သေးသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က မောင်မယ်ရှောင်ကျေးရွာမှ နေအိမ် ၄ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

မောင်မယ်ရှောင်ကျေးရွာကို မကြာခဏ ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့က ရွာသားများကို ဖမ်းဆီး ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများအပြင် နေအိမ်များကိုလည်း ပြီးခဲ့သည့် နှစ်လအတွင်း ဖောက်ထွင်းခိုးယူခြင်း များ ပြုလုပ်ခဲ့ကြကြောင်း ရွာသားများက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာရှိ ရွာသားများမှာ ပြီးခဲ့သည့် ဇွန်လမှစတင်ပြီး ရွာလုံးကျွတ်နီးပါး နေအိမ်များကို စွန့်ခွာကာ နီးစပ်ရာသို့ တိမ်းရှောင် နေထိုင်နေကြရသည်။