ဆီဆိုင်တွင် တိုက်ပွဲများ ပြန်ဖြစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်။ 

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဖက်က ၂၀ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိထားသည်ဟု ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) နှင့် ပအိုင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)၊ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF-KK) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ၂၀ ရှိတယ်ဆိုတာက အလောင်းတွေနဲ့ အတည်ပြုတာပါ။ ဒီထက်လည်း များနိုင်ပါတယ်။ လောလောဆယ် နယ်မြေမရှင်းရသေးတော့ အတိအကျ မထွက်သေးဘူး။ နယ်မြေရှင်းပြီးရင် ဒီထက် များနိုင်ပါတယ်ဟု ပြောသည်။

ဆီဆိုင်မြို့နယ်ရှိ လွယ်ထွယ်နှင့် လွယ်သောင်ကျေးရွာများတွင် ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ၈ နာရီအချိန်က စတင်ပြီး တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ပူးပေါင်းတပ်များဖက်က အယောက် ၂၀ ခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း သေနတ် ၁၁ လက် သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကိုလည်း အရှင် ဖမ်းမိထားပြီး မဟာမိတ် ပူးပေါင်းတပ်များက အထိခိုက် အကျဆုံးမရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

လတ်တလောတွင် ဖမ်းမိထားသည့် စစ်သုံ့ပန်း ၂ ဦးအား မေးမြန်း စစ်ဆေးလျက်ရှိပြီး ဒဏ်ရာအခြေအရ သေဆုံး နိုင်သည်ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ခန့်မှန်းသည်။

အရင်တခါက ဗမာစစ်သားတွေ ထွက်ပြေးတာ။ ဒီတခါက PNO တွေပြေးတာ။ သေတာ အများစုက PNO တွေ။ လိုအပ်တာဆိုရင်တော့ ကျည်ကာရင်ခံ၊ ကျည်ကာဦးထုပ်၊ ကျည်ဆံတွေ လိုတယ်။ ကမ်ပိန်းတွေမှာ ပါဝင်ပေးစေချင်ပါတယ် ဟု ရှေ့တန်း စစ်မြေပြင် အရင်းအမြစ်တစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီ ပူးပေါင်းတပ်များက ပြန်လည်ဆုတ်ခွါပြီးနောက် လွယ်သောင်ကျေးရွာတွင် အရပ်သားအချို့ကို ဖမ်းဆီးကာ ဓါးစာခံ လုပ်ထားသည့်အပြင် ကျေးရွာများဘက်သို့လည်း ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်လျက် ရှိသည်။

PNDF တပ်ဖွဲ့အား စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဦးဆောင် မှုဖြင့် တောင်ပေါ်ဒေသ ကိုယ်စားပြု PNDF-KK နှင့်မြေပြန့်ဒေသ PNDF-KD ဟူ၍ တပ်ရင်း ၂ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းဒေသများအတွင်း PNLA နှင့်အတူ စစ်ရေး လှုပ်ရှားလျက် ရှိသည်။