စက်သုံးဆီ ရှားပါးမှုကြောင့် အင်းလေးစက်လှေများ ရက်ခြား ပြေးဆွဲမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်။ 

စက်သုံးဆီ ပြတ်လပ်လာခြင်းကြောင့် အင်းလေး စက်လှေများ ရက်ခြား၍ ပြေးဆွဲမည်ဟု စက်လှေမောင်းသူ များက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီဈေး မတန်တဆ မြင့်တက်လာခြင်း ကြောင့် ညောင်ရွှေ – အင်းလေး ပြေးဆွဲနေသည့် စက်လှေများ ရက်ခြား၍သာ ထွက်တော့မည်ဟု စက်လှေ မောင်းသူများက ပြောသည်။

စက်လှေပြေးဆွဲသူ တစ်ဦးက အင်းလေးမှာဆို ဘယ်မှာမှ မရောင်းတော့ဘူး။ တချို့ရောင်းတဲ့ ရွာတွေကြတော့ လည်း တော်တော်ဝေးတယ်။ သွားဝယ်လိုက်ရင် ဆီက ညောင်ရွှေတစ်ခေါက် သွားလို့ရတယ်။ ဈေးကလည်း တစ်လီတာကို ဆန်တစ်ပြည်ထက် များနေတယ် ဟု ပြောသည်။

အင်းလေးဒေသတွင် စက်သုံးဆီဈေးများ ပြတ်လပ်နေသည့်အပြင် လိုအပ်သည့် ပမာဏအလျောက်လည်း ဝယ်ယူ၍ မရနိုင်သဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အင်းလေးဒေသတွင် ရောင်းချနေသည့် စက်သုံးဆီများမှာ ညောင်ရွှေမြို့ကတဆင့် ဝယ်ယူရပြီး ယခင်လများက ဒီဇယ် တစ်ဂါလံ ၁၁,၀၀၀ ကျပ်၊ ၉၂ တစ်လီတာ ၄,၅၀၀ ကျပ်သာ ရှိခဲ့သည်ဟု စက်လှေမောင်းသူများက သတင်းနှင့် မီဒီယာကွန်ရက်ကို ပြောသည်။

သို့သော် ဩဂုတ်လအတွင်း ဒီဇယ် တစ်ဂါလံ ၁၈,၀၀၀ ကျပ်နှင့် ၉၂ တစ်လီတာ ၆,၀၀၀ ကျပ်အထိ မြင့်တက်လာ သည်ဖြစ်ရာ စက်လှေခကိုလည်း ၂,၅၀၀ ကျပ် မှ ၃,၀၀၀ ကျပ်ထိ တိုးမြင့်ကောက်ခံနေရသည်ဟု အင်းတောင်ပိုင်းနှင့် ညောင်ရွှေပြေးဆွဲနေသူ တစ်ဦးက ပြောသည်။

စက်လှေခ ၃,၀၀၀ ထက် တက်လိုက်ရင် ဘယ်သူမှစီးမှာ မဟုတ်တော့ဘူး။ ဆီရတဲ့ နေရာအထိ သွားဝယ်ရင် ဈေးက တက်ရမှာဆိုတော့ ၃ ရက်ခြားတစ်ခါပဲ ထွက်တော့မှာပါ။ လောလောဆယ် ဖြေရှင်းနည်းက လီဗာလျှော့ မောင်းရတာပေါ့။ ဆီသက်သာပေမယ့် ၂ ဆ ခရီးနှောင့်နှေးတာပေါ့။

ညောင်ရွှေမှ တဆင့် ဝယ်ယူနေရပြီး အင်းလေးဒေသတွင်း စက်သုံးဆီ ပြန်လည် ရောင်းချသူများကို ဆီပန့်ဆိုင်မှ လူတစ်ဦးကို ကျပ် ၅ သောင်းဖို့း အထိသာ ရောင်းချပေးတော့သည်ဟု ‌ဆီကုန်သည်များက ဆိုသည်။

အလားတူ အင်းလေးဒေသတွင်း ၅ ရက်တစ်ဈေး ရောင်းချသူများမှာလည်း စက်သုံးဆီ လိုသလောက် ဝယ်ယူ၍ မရသည့် အခက်အခဲကြောင့် ဈေးနေ့တိုင်း ပုံမှန်မထွက်နိုင်တော့ဘဲ စားဝတ်နေရေးပိုင်းကို ထိခိုက်လာသည်ဟု ဆိုကြသည်။

ထို့အပြင် အင်းလေးဒေသတွင်း အိမ်တိုင်းနီးပါး ပိုင်ဆိုင်သည့် အောက်ပိုင်းခြေ (ရိုးရိုးလှော်ခတ်သည့် လှေအား Honda အင်ဂျင်သေးတပ်၍ မောင်းနှင်ခြင်း) များမှာလည်း စက်သုံးဆီ အခက်အခဲကြောင့် အင်ဂျင်ဖြုတ်၍ မောင်းနှင်နေရသဖြင့် ဒေသခံများက ညည်းတွားနေကြသည်။