မြိတ်ခရိုင်တွင် စစ်ကောင်စီနှင့် ပျူစောထီးတို့၏ တပ်စခန်းတစ်ခုကို သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသည့် စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် နေရာကို ဩဂုတ်လ ၈ ရက် နေ့၊ နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မီးရှို့ ရှင်းလင်းခဲ့ ကြခြင်း ဖြစ်သည်။
မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက “တိုက်ပွဲထဲမှာ စစ်သားတစ်ယောက် ကျသွားတာ ကိုယ်တိုင် မြင်လိုက်ရတယ်။ အထိအခိုက်တွေလည်း များနိုင်ပါ တယ်။ မီးလောင်ချောင်းရွာနဲ့ ဘုတ် အခြေစိုက် ခလရ – ၁၇ အကြားမှာရှိတဲ့ ကာကင်းစခန်းကုန်း တစ်ခုဘက်ကို ထွက်ပြေးသွားကြတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး အထိအခိုက်များစွာဖြင့် စခန်းမှ စွန့်ခွာထွက်ပြေးသွားသည်ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
မီးလောင်ချောင်းစခန်းက သတ္တိရှိရင်လာခဲ့ဆိုပြီး မကြာခဏ စိမ်ခေါ်လေ့ရှိပြီး အမှန်တကယ် သွားတိုက်သည့် ချိန်တွင် အချိန်ကြာကြာပင် မတိုက်လိုက်ရဘဲ ယခုကဲ့သို့ စခန်းကို စွန့်ခွာထွက်ပြေးသွားကြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးများ စခန်းမှ စွန့်ခွာထွက်ပြေးသွားပြီးနောက် ပူးပေါင်းတပ်ဖွဲ့များက မီးလောင် ချောင်းကျေးရွာ အတွင်းရှိ စာသင်ကျောင်းဝန်း အတွင်း၌ တည်ဆောက်ထားသည့် ဘန်ကာများကို မီးရှို့ရှင်းလင်း ကာ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြသည်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) နှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ကြ ခြင်း ဖြစ်သည်။
ဩဂုတ်လ ၅ ရက်နေ့ကလည်း ပလမြို့ ရဲစခန်းနှင့် အဆိုပါ ရဲစခန်းအရှေ့ရှိ စစ်ဆေးရေးဂိတ်ကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇)၊ တပ်ခွဲ (၂) တို့က ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သေးသည်။