ရပ်စောက် တိုက်ပွဲတွင် စစ်ကောင်စီဖက်က ၉ ဦး သေဆုံးပြီး ၈ ဦး လက်ရ ဖမ်းဆီးရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရပ်စောက်မြို့နယ်တွင် ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (DPLF) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ၉ ဦးသည်ဟု DPLF တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာတွင် ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီခန့်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း စစ်ကောင်စီဖက်က ၉ ဦး သေဆုံးခဲ့သည့်အပြင် ၈ ဦးအား အရှင်ဖမ်းဆီးရမိထားသည်။

လတ်တလောတွင် ရှမ်းတောင်ဒေသတစ်ကြော စစ်မျက်နှာဖွင့်လှစ်ပြီဟု DPLF ဥက္ကဋ္ဌ ကိုထွန်းထွန်းနိုင်က ကြေညာလိုက်သည်။

DPLF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက သူတို့သေဆုံးစာရင်းက အလောင်းအရ အတည်ပြုတာပါ။ ဒဏ်ရာရ စာရင်းနဲ့ နောက်ဆက်တွဲက စုံစမ်းနေတုန်းပါပဲ။ အတည်မပြုနိုင်သေးပါဘူး။ သိရတာနဲ့ ထုတ်ပြန်ပေးမှာပါ ဟု ပြောသည်။

စစ်ကောင်စီ၏ ခြေလျင် တပ်ရင်း (ခလရ – ၂၉၂)၊ ဗထူးအမြောက်တပ်ရင်း (အမတ) နှင့် ဗထူးမွေးမြူရေးတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး DPLA ဖက်မှ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲအတွင်း သေနတ် ၁၉ လက် သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်တပ်များမှာ အင်တောဘက်သို့ ဆုတ်ခွါသွားပြီဟု ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။

DPLF ဥက္ကဋ္ဌ ကိုထွန်းထွန်းနိုင်က စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ အားလုံးနီးပါးနဲ့ ချိတ်ဆက်ထားပေမယ့် မဟာမိတ်ရယ်တော့ တရားဝင် မရှိသေးပါဘူး။ တော်လှန်နေကြတဲ့ ဘယ်အဖွဲ့အစည်းမဆို မိတ်ဖက်ပါပဲ။ ရှမ်းတောင် စစ်မျက်နှာ ဖွင့်ပါပြီ ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညနေ ၄ နာရီအချိန်ခန့်တွင် ကျောက်ဂူကျေးရွာအား စစ်ကောင်စီဖက်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေအား သတင်းနှင့်မီဒီယာကွန်ယက်က စုံစမ်းနေဆဲ ဖြစ်သည်။

DPLF အနေဖြင့် ရှမ်းတောင်ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ရာ ဒေသခံများအား စစ်ရေးသတိဖြင့် သွားလာလှုပ်ရှား နေထိုင်ကြရန် သတိပေးထားသည်။