ယင်းမာပင်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးသေဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများကပြောသည်။

ဩဂုတ်လ ၉ ရက်နေ့၊ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ယင်းမာပင်မြို့နယ်က အောင်ဇေယျစစ်တပ်ကုန်း နှင့် ရဲတပ်ရင်း ၂၈ တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထန်းတောကြီးကျေးရွာမှ ကွမ်းယာဆိုင် တစ်ဆိုင်တွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက နှစ်နေရာကနေ ပစ်တာ။ ဘယ်ဘက်ကပစ်တဲ့ အလုံးလည်းဆိုတာတော့ ခန့်မှန်းလို့ မရဘူး။ အဲ့ဒီမှာ ရွာထဲက ကွမ်းယာဆိုင်မှာ ရောက်နေတဲ့ ၈ ယောက်ထိတာ ၄ ယောက်က သေသွားတာ။ ကျန်တဲ့ ၄ ယောက်ကလည်း မသေရုံတမယ်ပဲဟု ပြောသည်။

သေဆုံးခဲ့သူများသည် ထန်းတောကြီးကျေးရွာနှင့် ကျေးစာကျကျေးရွာက ဒေသခံရွာသားများဖြစ်ကြသည့် အသက် ၄၁ နှစ်အရွယ် ဦးလွှမ်းမိုးနိုင်၊ အသက် ၂၂ နှစ်အရွယ် ကိုမြင့်သန်းအောင်၊ အသက် ၂၈ နှစ်အရွယ် ကိုဖြိုးဇေယျာ နှင့် အသက် ၂၄ နှစ်အရွယ် ကိုဖိုးသက်ဝေတို့ ဖြစ်ကြသည်ဟု ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အောင်ဇေယျ စစ်တပ်ကုန်းသည် ထန်းတောကြီးကျေးရွာနှင့် ၄ မိုင်သာ ကွာဝေးပြီး ရဲတပ်ရင်း ၂၈ သည် ၂ မိုင်ခန့်သာ ကွာဝေးသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဩဂုတ်လ ၉ ရက်နေ့၊ နေ့လည်ပိုင်း ၁ နာရီဝန်းကျင် အချိန်ခန့်တွင်လည်း ထန်းတောကြီးကျေးရွာ အတွင်း လက်နက်ကြီး ၂ လုံး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့ရာ အဆိုပါပေါက်ကွဲမှုထဲ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးဟု ဆိုကြသည်။

ရွာသားတစ်ဦးက ထန်းတောကြီးက အရပ်သားတွေပဲရှိတာ။ ထိခိုက်တာကလည်းအရပ်သားတွေကြီးပဲ သေဆုံး တာလည်း အရပ်သားတွေပဲ။ ဒီရက်ပိုင်းအဲ့မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး လက်ရှိတော့ရွာက အားလုံးပြေးနေ ရတာ လုံးဝမနေရဲပဲ ဖြစ်နေတယ် ဟု ပြောသည်။

သို့သော် ထန်းတောကြီးကျေးရွာနှင့် ၁၀ မိုင်ခန့်ဝေးသည့် ဘန့်ဘွေးပျူကျေးရွာ တစ်ဝိုက်တွင် စစ်ကောင်စီ တပ်သား နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားနေပြီး ရိက္ခာဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးရန်ကို ကြောက်လန့်ပြီး ထန်းတောကြီးကျေးရွာ အပါအဝင် အနီး တစ်ဝိုက်က ကျေးရွာအချို့မှ ဒေသခံများသည်လည်း ဘေးလွှတ်ရာကို ထွက်ပြေးနေကြရသည်။

တစ်ဖက်တွင် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် အရပ်သားများကို ပစ်မှတ်ထား တိုက်က်ခိုက်ခြင်းမျိုး မဟုတ်ဘဲ လက်နက်ကိုင်အချင်းချင်း ရင်ဆိုင်ဖြေရှင်းကြရန် ဒေသခံများက ပြောဆိုမှုများ ရှိနေသည်။

ထန်းတောကြီး ရွာသားတစ်ဦးက ဒီလိုလုပ်ရပ်မျိုးက မလုပ်သင့်ဘူး ပြောလည်း အပိုပါပဲ။ တကယ်တမ်းတော့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကိုတော့ လျှော့သင့်တယ်ပေါ့။ လက်နက်ကိုင် အချင်းချင်း တိုက်တာကိုတော့ မပြော လိုပါဘူး။ အရပ်သားတွေကိုတော့ မတိုက်ခိုက်စေချင်ဘူးပေါ့ဗျာ။ တိုက်ခိုက်မယ် ဆိုရင်လည်း PDF နဲ့ပဲ ရဲရဲဝံ့ဝံ့ တိုက်ပါလို့ ပြောချင်ပါတယ် ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား အယောက် ၅,၄၀၀ ကျော် သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး