တကောင်းမြို့အား ကာကွယ်ရေး ပူးပေါင်းတပ်များက ထိန်းချုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
မန္တလေးမြို့အထက်ပိုင်းက ထင်ရှားသော မြို့ဟောင်းမြို့ တစ်မြို့ဖြစ်သည့် တကောင်းမြို့အား ကာကွယ်ရေး ပူးပေါင်းတပ်များက ထိန်းချုပ် ထားနိုင်ပြီ ဖြစ်သည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို ဩဂုတ်လ ၁၂ နေ့က တော်လှန်ရေး ပူးပေါင်းတပ်များ က သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အလုံးစုံကို ထိန်းချုပ်ထားလိုက်ပါပြီဗျ။ တိုက်တာတော့ ၁၁ ရက်နေ့ကစတိုက်တယ်၊ ၁၂ ရက်နေ့မှာ အကုန်ထိန်းချုပ်ထားလိုက်တာဗျ” ဟု ပြောသည်။
တကောင်းမြို့ကို လေကြောင်းထိုးစစ်များကြားမှ ၂ ရက်အကြာတွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
“၁၁ ရက်နေ့တုန်းကတော့ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့ လေးမျက်နှာဘုရား နေရာတို့၊ ဒီထွေအုပ်အရုံး နေရာတွေကို သိမ်းတယ်။ ပြီး တော့ အဲ့နေ့က ရဲစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ စစ်ကောင်စီက နေရာယူထားတဲ့ တိုက်နယ်ဆေးရုံ နေရာတွေကိုလည်း တခါတည်းသိမ်းနိုင်ခဲ့တယ်။ သူတို့ဘက် အသေအဆုံးလည်းရှိတယ်။ အရှင်ဖမ်းမိထားတာတွေလည်း များတယ်။”
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့ပြီး ပေါင် ၅၀၀ ဗုံးများသုံးကာ ကြဲချခဲ့သောကြောင့် ပျက်စီးမှု အများအပြားရှိနေသည်ဟု ဆိုသည်။
စစ်ရေးအခြေအနေများကြောင့် တကောင်းမြို့ခံများ အားလုံးနီးပါးမှာ မြို့ပေါ်တွင် မနေကြတော့ဘဲ ဘေးလွတ်နိုင် သည့် နေရာများတွင် တိမ်းရှောင်နေကြသည်။
တကောင်းမြို့သိမ်း တိုက်ပွဲတွင် အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသတပ်ရင်းများ အပါအဝင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။
သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို သိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ အဖွဲ့က ဓါတ်ပုံများ အပြင် ရုပ်သံဗွီဒီယိုဖိုင်ပါ ထုတ်ပြန်ထားသည်။
တကောင်းမြို့သိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်းများနှင့် လက်နက်အများအပြား ရရှိထားပြီး အတိအကျကို မကြာ ခင်တွင် သတင်းထုတ်ပြန်မည်ဟု ဆိုသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအား ဥပဒေနှင့် အညီ ထိန်းသိမ်းထားသည်ဟု ဆိုသည်။
ထိုတိုက်ပွဲထဲ ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့များဘက်တွင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ထိစပ်နေပြီး မြို့၏ မြောက်ဘက်တွင် ထီးချိုင့်၊ အနောက် ဘက်ခြမ်းတွင် ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ၊ အရှေ့ဘက်ခြမ်းတွင်မူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နှင့် ထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။
ရှေးဟောင်း အမွေအနှစ်များရှိရာ ရှေးမြို့ဟောင်းလည်း ဖြစ်သည့် တကောင်းမြို့သည် ဧရာဝတီမြစ်ကမ်းဘေး တွင် တည်ရှိပြီး အိမ်ခြေ သုံးထောင်ကျော်ရှိသည်။