ဆားလင်းကြီးတွင် လက်နက်ကြီး ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပလောင်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်ဟု ဒေသခံများက ပြော သည်။

ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင် အချိန်၌ မုံရွာမြို့ပေါ်ရှိ Ocean ဈေး အနောက်ဘက်တွင် ဂိတ်ချထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဆားလင်းကြီးမြို့နယ်ရှိ ပလောင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “ဗိုက်ကြီးသည် ထိခိုက်တာပေါ့နော်။ လူကတော့ ကျန်းမာရေး ကောင်းပေမဲ့ ကလေးကတော့ ဆုံးသွားတာ ရှိတယ်။ ချင်းတွင်းမြစ် ကမ်းဘေးကရွာတွေ လက်နက်ကြီး ပစ်တာက မုံရွာမြို့ဘက် Ocean အနောက်ဖက် ကင်းစခန်းတွေလို့ ပြောရမှာပေါ့။ ပိုက်ဆံကောက်တဲ့ ဂိတ်ပေါ့ ဟု ပြောသည်။

ဆားလင်းကြီးမြို့နယ်၊ ပလောင်ကျေးရွာနှင့် လက်နက်ကြီးပစ်ခတ်သည့် နေရာသည် ချင်းတွင်းမြစ်သာ ခြားပြီး အဆိုပါကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။

ပလောင်ကျေးရွာသည် ကျေးရွာငယ်လေး တစ်ရွာသာဖြစ်ပြီး တရုတ်ကုမ္ပဏီ ဝမ်ပေါင်ကြေးနီ တူးဖော်ရေး စီမံကိန်းနှင့် အနီးဆုံးနေရာ၌ တည်ရှိသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးယူပေးသည့် အနေဖြင့် ထိုနေရာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီက ဂိတ်ချထားကာ အင်အားများစွာ ချထားသကဲ့သို့  လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိသည်ဟု  ဒေသခံများက ပြောသည်။

ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် သူတို့က လုံခြုံရေး ကာကွယ်တယ် ပြောရမှာ။ အခုနောက်ပိုင်း လက် နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တယ်။ မဆိုင်တဲ့ပြည်သူတွေ ထိခိုက်တာလည်း ခဏခဏပဲ ဟောင်ဝဇ်ဇာ တွေနဲ့လည်း ပစ်တယ်။ စစ်ရေးကတော့ ငြိမ်နေတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ကမ်းပေါ် ရှိ စက်လှေတစ်စီးပေါ်တွင် လိုက်ပါလာသူ တစ်ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ရသေးသည်။

ထို့အပြင် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မုံရွာမြို့ ထန်းနှောင်းတောကျေးရွာရှိ အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

မြန်မာနိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သားနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ စုစုပေါင်း ၅,၅၁၂ ဦး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သတင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ