စစ်ကောင်စီ ဟန့်တားမှုကြောင့် စစ်ရှောင်ကူညီမှုအခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။
စစ်ကောင်စီက ဟန့်တားမှုများကြောင့် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ထဲက စစ်ရှောင်များအား အကူအညီပေးမှုများ အခက်အခဲရှိနေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပြောသည်။
ကုန်ပစ္စည်း သယ်ယူတင်ပို့ဆောင်ရာတွင် စစ်ကောင်စီတပ်မှ တားဆီးစစ်ဆေးမှုများကို တင်းကြပ်စွာ ပြုလုပ်လာ သည့်အတွက် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့များအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့ လာရသည်ဟု (HURFOM) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန် က ပြောသည်။
“အခုဆိုရင် တနင်္သာရီတိုင်း တစ်လျှောက်မှာဆိုရင် ဆန်၊ စားနပ်ရိက္ခာတွေကို တင်ပို့လို့ မရတော့ဘူး။ ဆန်တစ် အိတ် တွေ့တာတောင်မှ ခေါ်စစ်တယ်။ ဆိုတဲ့အခါကြတော့ ဒီဘက်က အကူအညီပေးတဲ့ အဖွဲ့တွေကလည်း သူတို့ လိုအပ်တဲ့ အကူအညီကို မပေးနိုင်ဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ တင်းကြပ်စွာ တားဆီးစစ်ဆေးမှုများကြောင့် ကုန်စည်သယ်ယူပို့ဆောင်၍ မရသည့်အတွက် ဒေသတွင်း ကုန်စည်ပြတ်လပ်မှုများဖြစ်လာပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ အဆင်မပြေမှုများ ကြားထဲတွင် နေထိုင် စားသောက်နေရသည်ဟု နိုင်အဲမွန် က ဆက်ပြောသည်။
“ဘယ်လောက်ထိ အခြေအနေဆိုးလဲ ဆိုလို့ရှင် ပိုက်ဆံရှိ တာတောင်မှ ဆန်လိုမျိုး စားနပ်ရိက္ခာ အခြေခံ စားနပ်ရိက္ခာတွေဝယ်ပြီးတော့ စားသုံးနိုင်တဲ့ အခြေအနေ မရှိဘူး။ ဆိုတဲ့ ခါကြတော့ စားနပ်ရိက္ခာ အင်မတန် ကြပ်တည်းတယ်။ တစ်ချို့ ဆိုလို့ရှိရင် တောထဲမှာ ဟင်းရွက် သစ်ဥသစ်ဖုတွေပဲ ရှာစားရတဲ့ အနေအထားမှာရှိတယ်။“
ပုလောမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အဖွဲ့အစည်းများကြား စစ်ရေးတင်းမာမှုနှင့်အတူ တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။
လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေလည်း တိုးလာသည်ဟု မွန်ပြည်လူ့ အခွင့်အရေးဖောင် ဒေးရှင်းက ပြောသည်။
နိုင်အဲမွန်က “လက်နက်ကြီးတွေပစ်တဲ့ အတွက် တစ်ချို့ IDPs တွေနားကျတာတွေ ရှိတယ်။ ရွာတွေပေါ်မှာ ကျတာတွေရှိတယ်။ တစ်ချို့ဆိုရင် ခြံလုပ်သားနေရာတွေ ကျတာရှိတယ်။ ဒဏ်ရာရတာ ခဏခဏ ရှိတယ်။ အထူးသဖြင့် IDPတွေက အဲ့လို တိုက်ခိုက်ခံရတဲ့ အချိန်ဆို တနေရာကနေ တစ်နေရာ ထပ်ပြီး ပြောင်းရွှေ့ရတဲ့ အနေအထားမှာ ရှိတယ်” ဟု ပြောသည်။
တနင်္သာရီတိုင်း ဒေသကြီးရှိ စစ်ဘေးရှောင်များမှာ အစားအစာ လုံလောက်စွာ မရရှိသောကြောင့် ကလေး ငယ်များနှင့် အမျိုးသမီးများမှာ အာဟာရ ပြည့်ဝမှုမရှိဘဲ ကိုယ်ခံအား ကျဆင်းနေ သကဲ့သို့ ငှက်ဖျားရောဂါ၊ ရာသီတုပ်ကွေးရောဂါ အပါအဝင် ကာလ ဝမ်းရောဂါများလည်း ဆိုးဝါးစွာ ဆက်လက် ဖြစ်ပွားနေသည် ဟု HURFOM က ဆိုသည်။
ထို့ကြောင့် လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ လိုအပ်မှုအပြင် နေရာထိုင်ခင်းအတွက် အမိုး အကာများ၊ ဆေးဝါးများနှင့် အခြား အကူအညီတို့ များစွာလိုအပ်နေသည်ဟု နိုင်အဲမွန်က ပြောသည်။