ထိုင်းမှ ပြန်ပို့ခံရပြီး မြန်မာစစ်တပ်အတွက် စုဆောင်းခံရသူ ၂၇ ဦး ထွက်ပြေးလွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။ 

မြိတ်ခရိုင်၊ ပလောမြို့နယ်အတွင်း စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသည့် လူငယ် ၂၇ ဦးမှာ အစောင့်စစ်သား နှစ်ဦးကို တိုက်ခိုက်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

စက်တင်ဘာ ပထမပတ်ထဲတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည့် မြန်မာလုပ်သားများကို စစ်ကောင်စီထံ အပ်နှံခဲ့ရာ အပ်နှံခံရသူ စုစုပေါင်း ၂၇ ဦးကို စစ်ကောင်စီက အတင်းအကြပ် စစ်မှုထမ်းခိုင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအနီး စစ်ကောင်စီတပ်မှ အဓမ္မစစ်သားစုဆောင်းပြီး ပလောက်မြို့အခြေ စိုက် တိုင်းဗဟို ၁၂ ဆီသို့ ရေလမ်းခရီးမှ ပို့ဆောင်စဉ် လက်နက်ကိုင် အစောင့်တပ်သားများကို ပြန်လည်ခုခံပြီး လက်နက်လုယူကာ ထွက်ပြေးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပုလောမြို့နယ်၊ ခန္တီကျေးရွာအနီး ပင်လယ်ပြင်သို့ ရောက်ရှိလာသည့် လှေသုံးစီးထဲက လူသစ်စုဆောင်းခံရသူ ၂၉ ဦးပါ တစ်စီးမှာ စစ်ကောင်စီ အစောင့် တပ်ကြပ်ကြီးနှစ်ဦးဆီမှ MA သေနတ် နှစ်လက်ကို လုယူပြီး ရေထဲတွန်းချကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ဆိုသည်။

လှေသုံးစီးစလုံးတွင် ပါလာသူများမှာ ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်ပို့ခံရ သူများဖြစ်ကြသည်။ ကော့သောင်းမြို့ ဆိပ်ခံဘောတံတားတွင် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

အသက် ၂၉ နှစ်အရွယ် ပြန်လည်လွတ်မြောက်လာသူတစ်ဦးက “ဝိုင်းဝန်း လုံးထွေး သတ်ပုတ်ပြီး သေနတ်လုယူ ခဲ့ရတာ။ ပြီးမှ လူနှစ်ယောက်စလုံး ရေထဲပစ်ချလိုက်တာ” ဟု ပြောသည်။ 

စက်တင်ဘာလ ၇ ရက်နေ့ညက အတင်းအဓမ္မ စုဆောင်းခံထားရသည့် သူများကို စစ်ကောင်စီ၏ ပြည်သူ့စစ်မှု ထမ်း အမှတ်စဉ် (၅) သင်တန်းတက်ရောက်ရန်အတွက် ငါးဖမ်းလှေသုံးစီးဖြင့် မြိတ်မြို့မှ ထွက်ခွာလာခဲ့ ကြခြင်း ဖြစ်သည်။

ပြန်လည် ခုခံထွက်ပြေးခဲ့သည့် လှေပေါ် တွင် စစ်သားအဖြစ် စုဆောင်းခံရသူ ၂၇ ဦးနှင့် အစောင့်အဖြစ် လက် နက်ကိုင် စစ်ကောင်စီတပ် ကြပ်ကြီးနှစ်ဦးတို့ ပါလာပြီး ကျန်သည့် လှေနှစ်စီးတွင် ဖမ်းဆီးခံရထားရသူများ ပါသည်ဟု ဆိုသည်။ သို့သော် အရေအတွက်ကိုမူ အတိအကျ မသိရပေ။ 

အဆိုပါ လူငယ်များ KNU ထားဝယ်ခရိုင် တပ်မဟာ (၄) ရှိ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇)၊ တပ်ခွဲ(၅) နေရာ၌ သွားရောက် ခိုလှုံနေကြဟု နီးစပ်သူ တစ်ဦးက အတည်ပြု ပြောသည်။

စစ်ကောင်စီ၏ တပ်ကြပ် ၂ ဦးကို ခုခံပြီးထွက်ပြေးလာကြသူ ၂၇ ဦးကို KNU ၏ ကရင်အမျိုးသား ကာကွယ်ရေး တပ် – KNDO တပ်ရင်း (၇) က စောင့်ရှောက်ထားသည်ဟု ကရင်ဘာသာဖြင့် ထုတ်ဝေသော Kwekalu သတင်း က ဖော်ပြထားသည်။ 

စစ်ကောင်စီက အတင်းအကြပ် စုဆောင်းပြီး စစ်မှုထမ်းခိုင်းနေချိန်၌ ထိုင်းဘက်က ဖမ်းမိသည့် မြန်မာလုပ်သား များကို စစ်တပ်ဘက် လွှဲပေးနေသည့် ကိစ္စရပ်များကို အထူးသတိထားဖို့ လိုအပ်သည်ဟု (KNU) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက သတင်းမီဒီယာ အချို့တွင် ပြောဆိုထားသည်။

မြေပြင်တွင်မူ ပျောက်ဆုံးနေသည့် စက်လှေအား ပြန်လည်တွေ့ရှိနိုင်ရန် ပလောက်တပ်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဥယျာဉ်ကမ်း၊ လိပ်သောင်၊ ပြင်ဘုကြီး ၊ ခန္တီ၊ ကုလားမခေါင်း၊ တောင်ခေါင်းလောင်း စသည့် ကျေးရွာ များနှင့် အနီးနားရှိ ပင်လယ်ပြင် တစ်ဝိုက်ကို ပိုက်စိပ်တိုက် ရှာဖွေမှုများ လုပ်နေကြသည်။ 

စက်လှေပျောက်ဆုံးနေမှုကြောင့် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသဖြင့် ရွာသားများမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ ကျင့်ရေးကျောင်းမှ သင်တန်းဆင်းများကို ရေလမ်းခရီးဖြင့် ရှေ့တန်းပို့ဆောင်ချိန် ပြည်သူ့စစ်မှုထမ်း သင်တန်း ဆင်းသူ တစ်ဦးမှာ ပင်လယ်ပြင်အတွင်းသို့ ခုန်ချကာ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သေးသည်။