တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် သိန်းရာချီကောက်ခံနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
ရှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော် ကျင်းပရန်အတွက် စစ်ကောင်စီက သိန်းရာချီ အလှူငွေ ကောက်ခံနေသည်ဟု ဟိုတယ်လုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကတည်းက ဟိုတယ် လုပ်ငန်းရှင်များအား တိုင်းအဆင့် အစည်းအဝေး ခေါ်ယူ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထား ထည့်ဝင်ကြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
အမည်မဖော်လိုသည့် ဟိုတယ်ပိုင်ရှင်တစ်ဦးက “သူတို့က ၂ ကြိမ်ကောက်မှာ။ အခုကောက်ပြီးရင် ပွဲရက်နား ကပ် ရင် တစ်ခါထပ်ကောက်မှာ။ တရားဝင်ရော/ တရားမဝင်ရော သူတို့ဆီမှာ စာရင်းအကုန်ရှိတယ်။ တစ်ခုမှ မလွှတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီ ကောက်ခံသည့် အခွန်နှုန်းထားမှာ ဟိုတယ်အကြီးအား ကျပ်သိန်း ၁၄၀၊ ဟိုတယ် အလတ်နှင့် အသေးအား ကျပ်သိန်း ၇၀၊ မိုတယ်နှင့် တည်းခိုခန်းများအား ကျပ် ၄ သိန်းနှင့်အထက် ဖြစ်ပြီး စိန်နားပန် တစ်လုံးနှင့် ညမီးအကြီး တစ်လုံးကိုမူ နိုင်ငံတော်မှ အိတ်စိုက်ထုတ်မည်ဟု ဆိုသည်။
လက်ရှိတွင် တောင်ကြီးမြို့တွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၌သာ ကောက်ခံနေပြီး စားသောက်ဆိုင်နှင့် ဘားများ မပါဝင်သေးသည့်အပြင် တောင်ကြီးမြို့နယ်ရှိ အေးသာယာနှင့် ရွှေညောင်မြို့တို့တွင်လည်း အကောင်အထည် မဖော်သေးဘူးဟု ဆိုသည်။
အမည်မဖော်လိုသော ဟိုတယ် မန်နေဂျာ တစ်ဦးက “ဒီကာလ တစ်ချို့ ဟိုတယ်တွေတောင် မန်နေဂျာ မငှားနိုင် လို့ ပိုင်ရှင် ဝင်လုပ်နေရတာ။ တည်းခိုခန်း သေးသေးလေးတွေဆို ဘယ်လို လုပ်မလဲ။ တစ်ပတ်လောက်နေမှ အတွဲတွေ လာတာလောက်ပဲ ရှိတာ။ တစ်လလုံးနေတောင် ဒီကာလ ၁၀ သိန်းမဝင်တာ။ သူတို့ကိုတောင် တစ်ဝက်ပေးရမယ်ဆိုတော့ ဒါဓါးပြတိုက်နေတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား စစ်ကောင်စီက တစ်ပတ်ခန့်အလိုမှသာ ဖိအားပေး၍ အရေးပေါ် ပြင်ဆင်ကျင်းပခိုင်းခဲ့ပြီး ၎င်းတို့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) အကူ အညီဖြင့် ပအိုဝ်းကျေးရွာများ၌ တစ်အိမ် တစ်ယောက် မလိုက်မနေရဟု ဆိုကာ ခြိမ်းခြောက် ပါဝင်စေခဲ့ဖူးသည်။
ထို့အပြင် တောင်ကြီးမြို့အနီး ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၌ ရေဘေးအန္တရာယ် ကြုံတွေ့နေရသော်လည်း ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲအား ဖိအားပေး ကျင်းပခိုင်းထားသည်ဟု ဒေသခံများက ပြောသည်။