ကားလမ်းပိတ်ထား၍ တနင်္သာရီမြို့တွင် စားသောက်ကုန် ဈေးနှုန်းကြီးမြင့်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ ကားလမ်းများ ပိတ်ထားခဲ့ရပြီး ကုန်ဈေးနှုန်းကြီးမြင့်လာသည့် အခက်အခဲများကို သိသိသာသာ ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ ဘန်လော၊ တကူ၊ သာရဘွင်၊ ညောင်ပင်ကွင်း၊ သကျက် စသည့်ကျေးရွာအုပ်စု ငါးခုထက်မနည်းမှာ စစ်ကောင်စီ၏ ကားလမ်းပိတ်ဆို့မှုကို ခံနေကြရသည်။

အသက် ၄၀ နှစ်ခန့်အရွယ် တကူရွာသားတစ်ဦးက ဗောဓိကမ်းတံတားကို အရင်ဆုံးပိတ်တယ်။ ပြီးတာနဲ့ ဇဝဲ လမ်းဆုံကနေ တကူရွာကို သွားလာနေတဲ့ လမ်းကိုလည်း ပိတ်လိုက်တယ်၊ ဇဝဲလမ်းက ပိတ်ထားတယ် ဆိုပေ မယ့် ဘေးတွဲတွေနဲ့ သွားလာလို့ရသေးတယ်။ အခုက လုံးဝကိုပေးမသွားပဲ ပိတ်ချလိုက်တာ ဟု ပြောသည်။

ကားလမ်း ပိတ်ပင်မှုများကို စစ်ကောင်စီဘက်က လုပ်ဆောင်လာခဲ့ပြီး တနင်္သာရီမြို့ရှိ ဗောဓိကမ်းတံတားကို စက်တင်ဘာ ၄ ရက်နေ့က စတင်ပိတ်ပင်ခဲ့သလို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်၍ ဇဝဲလမ်းဆုံဘက်မှ တကူကျေးရွာဘက်သို့ တင်ပို့မှုများကိုလည်း ပိတ်ပင်လာခဲ့သည်ဟု ရွာသားများက ဆိုသည်။

တကူကျေးရွာ အုပ်စု တစ်ဝိုက်မှ ရွာသားများက လမ်းသွားလာခွင့် ပိတ်ထားခြင်းကြောင့် မြိတ်ဘက်ကို သွားလို ပါက လှေများကို နှစ်ရက်ခန့် ကြိုချိတ်ထားရပြီး တကူဘက်မှ တနင်္သာရီမြို့သို့ လှေဖြင့်သွားရပြီး မြိတ်ဘက်ကို ကားလမ်းဖြင့် ပြန်လည် သွားလာနေရကြောင်း ဆိုသည်။

ကားလမ်းများ ပိတ်ထားခဲ့ခြင်းကြောင့် ကျေးရွာများတွင် အရေးပေါ် ကျန်းမာရေးကိစ္စများ အပါအဝင် ခရီးသွား လာမှုများကိုပါ ခက်ခဲလာစေသည့်အပြင် ကုန်ဈေးနှုန်း မြင့်တက်လာမှုနှင့်ပါ ရင်ဆိုင်လာနေကြရသည်။

ကားလမ်းများ မပိတ်ခင်က ကျပ် ၇,၀၀၀ သာရှိနေသည့် စားအုန်းဆီ တစ်ဗူးကို ကားလမ်းပိတ်ခံရပြီး နောက် ၉,၅၀၀ ကျပ် အထိ မြင့်တက်ခဲ့သလို ဆန်တစ်အိတ်ကိုလည်း သောင်းနှင့် ချီ၍ မြင့်တက်လာခဲ့ကာ ၎င်းအတိုင်း ဆက်လက်ပိတ်ဆို့ ထားပါက ဈေးဆက်မြင့်တက်ဖို့သာ ရှိနေသည်ဟု ရွာသားများကပြောသည်။

စစ်ကောင်စီက လမ်းပိတ်လိုက်ရာတွင် အဓိက ထိခိုက်သူမှာ ရွာသားများသာဖြစ်ပြီး ငွေကြေးရှိနေသူများက ကြိုတင် ဝယ်ယူစုဆောင်းကာ စားသောက်နိုင်ကြသော်လည်း လက်လုပ်လက်စား အများစုမှာ ဝယ်ယူနိုင်ခြင်း မရှိဘဲ စားသောက်ရေးအတွက် အခက်အခဲများ ရှိနေကြသည်။

ထို့အပြင် တနင်္သာရီမြို့၊ ဗောဓိကမ်းတံတားမှ‌ ညောင်ပင်ကွင်းအုပ်စုဘက်ကို သွားသည့် ကားလမ်းကို ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ပိတ်ဆို့ထားခဲ့ခြင်းကြောင့် ကားလမ်းပိတ်ထားခံရမှုမှာ တစ်လတိတိ ရှိလာနေ ပြီ ဖြစ်သည်ဟု ညောင်ပင်ကွင်းရွာသားတစ်ဦးက ဆိုသည်။

ကားလမ်း ပိတ်ထားမှုကြောင့် မော့တောင် – ရေဖြူ ကားလမ်းမှ တစ်ဆင့် ကုန်ကားများ ပတ်၍ဝင်နေရခြင်း ကြောင့် ကားခမှာလည်း နှစ်ဆနီးပါးခန့် ပိုပေးနေရသည်ဟု ဒေသခံများက ပြောသည်။