လွိုင်ကော်မြို့တွင် ခိုင်နှင်းဝေ၏ လှူဒါန်းထောက်ပံ့မှုများ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများသာရရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် သရုပ်ဆောင် ခိုင်နှင်းဝေ၏ လှူဒါန်းထောက်ပံ့မှုများအား မြို့ခံအများစု မရရှိကြ ဘူးဟု ဌာနဆိုင်ရာနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။
ခိုင်နှင်းဝေ၏ ထောက်ပံ့မှုမှာ ရေမကြီးသည့် ရပ်ကွက်များ၊ ဌာနဆိုင်ရာနှင့် နီးစပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများတွင် နေထိုင်ကြသူများနှင့် ငွေကြေးပြေလည်သူများသာ ရရှိကြသည်ဟု ဆိုသည်။
လွိုင်ကော်မြို့ရှိ ရေဘေးသင့်ပြည်သူတစ်ဦးက “သူတို့က အယောက် ၂၀ ပဲ ရွေးခေါ်တာ။ အဲ့ဒီ ၂၀ က အုပ်ကြီး အမျိုးတွေ၊ စစ်တပ်နဲ့ ပိုင်သူတွေပဲ။ သူကိုယ်တိုင်လည်း ရေကြီးတဲ့နေရာတွေ မသွားဘူး။ မင်းစုရပ်ကွက်ဆိုရင် ခေါင်မိုးအထိ မြုပ်တယ်။ ဘယ်သူမှ မရဘူး။ ဒစကမှူးကိုတော့ လက်ဆွဲနှုတ်ဆက်နေတာပဲ” ဟု ပြောသည်။
တစ်ရပ်ကွက်လျှင် အယောက် ၂၀ နှုန်းစာဖြင့် ခိုင်နှင်းဝေမှ ငွေကျပ်သိန်းပေါင်း ၂ သောင်း လှူဒါန်းခဲ့သော်လည်း ငွေကျပ်သိန်းပေါင်း ၄၉၈၀ အား ဒေသကွပ်ကဲမှု စစ်ဦးစီးချုပ်ရုံး (ဒစက) လွိုင်ကော်မှ စစ်အသုံးစရိတ်ဟု ဆိုကာ ယူဆောင်သွားခဲ့သည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများက ပြောသည်။
ထို့အပြင် ခိုင်နှင်းဝေ၏ လှူဒါန်းထောက်ပံ့မှုတွင် အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ စသည့် အချက်အလက်များ အား တိတိကျကျ ကောက်ယူ၍ ထောက်ပံ့ခြင်း မဟုတ်ဘဲ စစ်ကောင်စီ စိုးမိုးထားသည့် ရပ်ကွက်များကိုသာ လူဦးရေ ရွေးချယ်ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လွိုင်ကော်မြို့တွင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက “တကယ် ဒုက္ခရောက်နေတဲ့ ရေဘေးသင့် ပြည် သူတွေဆီ မရောက်တော့ ကျနော်တို့က ဘာကို ကျေးဇူးတင်ရမလဲ။ ကူချင်လား လိုက်ပို့ပေးမယ်။ ဘုရားဖြူ၊ ဘုရားနီ၊ ဆော်ခီးဒေါ၊ ဝါရီဆူးပလိုင်၊ ပီကင်းကောခူ၊ ဝါရီကောခူ အဲ့ဒီနေရာတွေကို သွားကူကြည့်ပါ။ ခေါင်မိုး တောင် မရှိတော့ပါဘူး။ နာမည်ရချင်ရုံ သက်သက်နဲ့ စကစကို ထောက်ပံ့နေတာမျိုးကျတော့ ကျေးဇူးမတင်ပါ ဘူး” ဟု ပြောသည်။
အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းခဲ့သည့် သိန်းပေါင်း ၂၃၀၀ လှူဖွယ်ပစ္စည်းများနှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးချုပ်က ယနေ့ (စက်တင်ဘာ ၂၈) လှူဒါန်းခဲ့သည့် ထောက်ပံ့ရေး ပစ္စည်းများမှာလည်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများသာ ရရှိခဲ့ကြသည်။
ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲရေကာတာကို ယခုသတင်းရေးသားနေသည့် အချိန်အထိ ဖောက်ချနေဆဲဖြစ်ပြီး လွိုင်ကော် မြို့အတွင်း ရေများ ထပ်မံ တက်လာနိုင်သဖြင့် သတိနှင့် နေထိုင်ကြရန် လူမှုကူညီရေးအသင်း တာဝန်ရှိသူများက သတိပေးထားသည်။
ကရင်နီပြည်နှင့် ရှမ်းတောင်အစပ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက ၅ ထောင်ကျော် ရေနသ်မြုပ် ပျက်စီးခဲ့ ပြီး လူဦးရေ ၁၀၀ နီးပါး သေဆုံးခဲ့သည့် အပြင် လူဦးရေသောင်းချီ ရေဘေးဒုက္ခ ခံစားနေကြရသည်။