တိုက်ပွဲများကြောင့် တနင်္သာရီတွင် နေရပ်စွန့်ခွာသူ ပြည်သူ ၆,၀၀၀ ကျော် အထိရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ရေး မငြိမ်သက်မှုများကြောင့် စက်တင်ဘာလအတွင်း နေရပ်စွန့်ခွာသူ အယောက် ၆,၀၀၀ ကျော်ထိ ရှိလာနေပြီး နေရပ်ပြန်ရန်အတွက် အခက်အခဲများ ရှိနေသည်ဟု ရွာသားများနှင့် စစ်ရှောင်များကို ကူညီပေးသူများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီဘက်မှ ကျေးရွာများထဲသို့ စစ်ကြောင်းထိုးလာ ချိန် ရွာသားများကို ဖမ်းဆီးနေခြင်းများနှင့် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက် လာနေခြင်းတို့ ကြောင့် နေရပ်စွန့်ခွာ နေကြရခြင်း ဖြစ်သည်။

နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက စစ်ရှောင်တွေကို နေ့တိုင်းနီးပါးတော့ စားဝတ်နေရေး အတွက် ဖြေရှင်း မပေးနိုင်သေးပါဘူး၊ သုံးလေးရက်မှ တစ်ကြိမ်လောက် ပေးရသေးတယ်။ တစ်ချို့ စစ်ရှောင်တွေဆို တစ်လကျော်နေတဲ့ အထိ လုံးဝမပေးရသေးဘူး။ ဒီကြားထဲ ကားလမ်းတွေပိတ်တော့ ကုန်ဈေးနှုန်းကြီးလာတဲ့ အပြင် ရိက္ခာတွေလည်း လိုသလောက် ဝယ်လို့မရဘူး ဟု ပြောသည်။

ဘန်လော၊ သိန္ဓော၊ သကျက်စသည့် ကျေးရွာအုပ်စုများမှ ကျေးရွာပေါင်း ၈ ရွာထက်မနည်းက ပြည်သူများ စစ်ဘေး တိမ်းရှောင်နေကြရပြီး အချို့ကျေးရွာများမှာ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ် ကတည်းက စစ်ရှောင်နေကြရကြောင်း စစ်ရှောင်ကူညီပေးနေသူများက ဆိုသည်။ 

စစ်ဘေးရှောင်များကို ကူညီပေးရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ရာသီဥတု ဆိုးဝါးနေခြင်းတို့ကြောင့် အခြား လက်လှမ်းမမှီသည့် နေရာများမှ စစ်ရှောင်များအတွက် ကူညီပေးရေး အခက်အခဲများ ရှိနေသည်။

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာ အုပ်စုထဲရှိ ခြောက်မိုင်ကျေးရွာမှာ အစောဆုံး စစ်ဘေးတိမ်းရှောင်ရသည့် ကျေးရွာဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့က ထိုရွာထဲသို့ စစ်ကောင်စီ စစ်ကြောင်း ဝင်လာပြီးနောက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားကာ ရွာလုံးကျွတ် စစ်ရှောင်နေခဲ့ကြသည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲများကြောင့် ရုတ်တရက် စစ်ရှောင်လာရသည့် ရွာသားအများအပြားမှာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေး လာ ကြရသည့် အတွက် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ကျန်ရစ်ခဲ့ပြီး ပြန်သွားယူရန်လည်း မလွယ်ကူသော ကြောင့် စားသောက်ဖို့ အခက်အခဲများ ကြုံနေကြရသည်။

ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းအရှေ့ကမ်းတွင်လည်း သြဂုတ်လ ၂၇ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရကြောင်း ရွာသားများ က ပြောသည်။

စစ်တပ်မှ ကျေးရွာထဲသို့ ဝင်ရောက်လာ သည့်အခါတွင်လည်း နေအိမ်များ၏ တံခါးများကို ရိုက်ဖျက်ကာ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဘက်ထရီနှင့် ဆိုလာ များကို ယူသွားကြသည့်အပြင် မွေးမြူထား သည့် တိရစ္ဆာန်များကိုလည်း သတ်စားလေ့ရှိသည်ဟု ဆိုကြသည်။

ထို့အပြင် တနင်္သာရီနှင့် မြိတ်မြို့နယ် အစပ်တွင် ရှိနေသည့် မဇောကျေးရွာအုပ်စု ဘက်တွင်လည်း စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး စာသင်ကျောင်းတွင် တပ်စွဲထားကာ ကျေးရွာများအထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဆိုကြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် အရှေ့တောင်၊ မဇောပြင်ကြီး၊ ရှမ်းထိန်၊ လက်မဲ၊ တော တန်း၊ သကန်တောင်ပုကျေးရွာများမှ ရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသည့် မဇောကျေးရွာအုပ်စုမှ ရွာသားများက တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်သော ကြောင့် အခြေအနေအရ ကျေးရွာမှ ယာယီတိမ်းရှောင်နေကြရပြီး အခြေအနေ ငြိမ်သက်လာပါက နေရပ်ကို ပြန်လာနေထိုင်ခြင်းများ ရှိနေသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ် အတွင်း၌ စစ်ရေးငြိမ်သက်မှု မရှိသေးဘဲ နှစ်ဖက်ကြား တင်းမာနေဆဲဖြစ်ကာ စစ်ကောင်စီက လမ်းများကို ပိတ်ဆို့ထားသောကြောင့် ရွာသားများ စားဝတ်နေရေး ပိုခက်ခဲလာနေသည်။