မောင်းမကန်တွင် ရွာသားသုံးဦးကို စစ်ကောင်စီက သတ်ပြီး ရေကန်ထဲစွန့်ပစ်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကံယုံဘုန်းကြီးကျောင်း ရေကန်အတွင်း စွန့်ပစ်ထားခဲ့သည်ဟု ရွာသားများက ပြောသည်။
စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်မှ မောင်းမကန်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ရွာသား ၁၀ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့အထဲမှ ကိုမျိုးမျိုး၊ ကိုကမ်းကမ်း၊ ကိုပေါ်ထွန်းတို့ သုံးဦးကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက “ကိုကမ်းကမ်းမှာက လက်မှာ တက်တူးအရုပ်တွေ ရှိနေတာကြောင့် သူတို့ဆိုတာ သေချာသိရတာ။ အလောင်းတွေက အရိုးတစ်ခြား အရေတစ်ခြား ရုပ်ပျက်ဆင်းပျက်ကို ဖြစ်နေ တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က ကံယုံဘုန်းကြီးကျောင်း ရေကန်အတွင်း ရုပ်အလောင်းများကို စွန့်ပစ်ထားခြင်း ဖြစ်ပြီး ရွာသားများက ရေကန် သန့်ရှင်းရေးလုပ်ရန် သွားသည့် စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရုပ်အလောင်းများ ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။
အလောင်းများ တွေ့ရှိခဲ့ရသည့် ကံယုံဘုန်းကြီးကျောင်းနှင့် မောင်းမကန် ရဲစခန်းတို့မှာ မီတာ ၆၀၀ ခန့်သာ ကွာဝေးပြီး ဆိုင်ကယ်ဖြင့် သွားလာပါက ၂မိနစ်ခန့်သာ သွားလာရသည်ဟု ရွာသားများက ပြောသည်။
အဖမ်းခံရသည့် ရွာသားအချို့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပြီး အချို့ကိုမူ မောင်းမကန်ကျေးရွာ အခြေစိုက် စစ်ကောင်စီ ၏ ခလရ – ၁၀၄ တပ်ရင်းတွင် ဖမ်းဆီးစစ်ဆေးနေသေးကြောင်း ရွာသားများက ပြောသည်။
ဆက်လက် အဖမ်းဆီးခံနေရသူများ၏ မိသားစုဝင်များက ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးသည့်အပေါ် စိုးရိမ်သောက ဖြစ်နေကြသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ကျောက်ဆင်၊ သဘော့ ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီစသည့် ကျေးရွာများကို စစ်ကြောင်းထိုး သွားလာခဲ့ကြပြီး မောင်းမကန်ကျေးရွာမှ ကံယုံဘုန်းကြီးကျောင်းတွင်လည်း ရက်ရှည်တပ်စွဲနေထိုင်ခဲ့သေးသည်။