နှစ်ပေါင်း ၄၀ ခန့် တပ်စွဲထားသည့် စခန်းမှ စစ်ကောင်စီတပ် ထွက်ပြေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။ 

တပ်အင်အား အများအပြားဖြင့် နှစ်ပေါင်း ၄၀ ကျော်အကြာ တပ်စွဲနေထိုင်ခဲ့ကြသည့် သိန္ဓောစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ စွန့်ခွာထွက်ပြေးသွားကြသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက် သိန္ဓောစခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၏ အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်မှု ဒဏ်ကို မခုခံနိုင်ဘဲ စခန်းမှ စွန့်ခွာထွက်ပြေးသွား သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်သည်။

သိန္ဓောစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၁၅၀ ခန့်က စက်တင်ဘာလ ၂၅ ရက်နေ့ တွင် စခန်းမှ စွန့်ခွာသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမစွန့်ခင် အချိန်ထိ စားနပ်ရိက္ခာ လမ်းကြောင်းများကို ဖြတ်တောက် ပိတ်ဆို့ ထားခဲ့သည်ဟု တိုင်းစစ်ဌာန (တနင်္သာရီ) ၏ စစ်ဆင်ရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ဆင်ရေး တာဝန်ရှိသူက စစ်ကောင်စီဘက်က စခန်းကိုမစွန့်လွှတ်ခင်အချိန်အထိ စခန်းပတ်ချာလည်ကို တောက်လျှောက် ဝိုင်းထားတာ။ သူတို့မထွက်ခင် ရက်ပိုင်းကလည်း စခန်းကို ဒရုန်းနဲ့သွားပြီး ဗုံးသီးချ တိုက် ခိုက်ခဲ့သေးတယ် ဟု ပြောသည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ တို့မှ ယခုနှစ်၊ ဧပြီလကုန်ခန့်မှ စတင်၍ မေလ ၈ ရက်နေ့ အထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်က စခန်းသိမ်းတိုက်ပွဲ အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းက စစ်ကောင်စီဘက်မှ လေကြောင်းမှ စစ်ကူပေးပြီး ကာကွယ်တိုက်ခိုက်မှုများကြောင့် စခန်းကို မသိမ်းပိုက်နိုင်ဘဲ လချီ၍ တိုက်ပွဲများ ပြင်းထန်နေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိန္ဓောစစ်စခန်းမှာ ၁၉၈၀ ခုနှစ်ခန့် ကတည်းက နှစ်ပေါင်း (၄၀) ကျော် အခြေစိုက် တပ်စွဲခဲ့သည့် အထိုင်စခန်း တစ်ခုလည်း ဖြစ်သည်။

ထိုစခန်းမှ ထိုင်း – မြန်မာ နယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်း နှင့် ပွိုင့် (၃၀၀၀) စခန်းတို့ကို အုပ်ချုပ် ထောက်ပံ့မှု ပေးနေသော အဓိကကျသည့် ရှေ့တန်းစခန်း တစ်ခုဖြစ်သည်ဟု တိုင်းစစ်ဌာန (တနင်္သာရီ) က ရေးသားထားသည်။

ပထဝီ အနေအထားအရလည်း တနင်္သာရီ ချောင်းမကြီးဘေးတွင် ရှိနေသည့်အတွက် ရေကြောင်းခရီးတွင် အရေးပါသည့် စခန်းတစ်ခုလည်း ဖြစ်သည်ဟု ဆိုကြရသည်။

သိန္ဓောတပ်စခန်းအတွင်း ရှိနေသည့် အဆောက်အအုံများ၊ ဘူဒိုဇာကားများနှင့် ကတုတ်ကျင်းများကို စစ်ကောင်စီဘက်မှ အကုန်လုံး ဖျက်ဆီးထားခဲ့သည်ဟု နယ်မြေရှင်းလင်းရေး လုပ်ကိုင်နေသူ တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်မှ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် ဘန်ကြုပ်ကျေးရွာ အနီးသို့ ရောက်ရှိလာပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသည်။

လက်ရှိတွင် သိန္ဓောစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ကြား တိုက်ပွဲဖြစ်ပွားနေသည့် အတွက် မြိတ်ခရိုင်အတွင်း၌ ခရီးသွားလာကြမည့် ပြည်သူများအနေဖြင့် တိုင်းစစ် ဌာန (တနင်္သာရီ) မှ ထုတ်ပြန် အသိပေးချက်များ အတိုင်း ပူးပေါင်းပေးကြရန် တိုက်တွန်း နိုးဆော်ထားသည်။