အင်လေးတွင် ရေကြီးရေလျှံ နောက်ဆက်တွဲ မြွေများပေါများလာခြင်းကြောင့် ဒေသခံများ စိုးရိမ်နေရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ရေကြီးရေလျှံ နောက်ဆက်တွဲ မြွေများ ပေါများလာခြင်းကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေရသည်ဟု ပြောသည်။
အင်းလေးဒေသတွင် စက်တင်ဘာလအစတည်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရေနစ်မြုပ်နေသည့် အိမ်များအတွင်းသို့ ရေစီးနှင့်အတူပါလာသည့် မြွေများဝင်ရောက် နေထိုင်နေကြသဖြင့် မြွေဆိုးများလည်း ပါလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဖောင်တော်ဦးဘုရားအနီးရှိ သာလေးကျေးရွာတွင် နေထိုင်သူ တစ်ဦးက “မြွေက ညဆို ခေါင်းပြူတစ် ပြူတစ်နဲ့ တစ်ကောင်လည်း မဟုတ် ၂ ကောင်လည်းမဟုတ်။ အဆိပ်မရှိရင်တော့ ဘာမဖြစ်ဘူးလေ။ မြွေဆိုးတွေ ပါလာမှာ ကြောက်တာပါ။ မြွေအမျိုးအစားဆိုတာလည်း ရုတ်တရက်ဆို ခွဲရခက်တော့လေ” ဟု ပြောသည်။
ရေစီးနှင့်အတူ ပါလာသည့် မြွေများမှာ လင်းမြွေ၊ ရေမြွေ၊ မြွေစိမ်း၊ ငန်းမြွေ၊ မြွေပွေး၊ စပါးအုံး မြွေဟောက်တို့ ဖြစ်ပြီး အများဆုံးတွေ့ရသည်မှာ မြွေဟောက်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အင်းလေးဒေသရှိ ကျေးရွာများတွင် လင်းမြွေ၊ မြွေစိမ်း၊ ရေမြွေ စသည့် မြွေများသာ တွေ့ရပြီး မြွေဆိုးများ မရှိကြသော်လည်း ယခုရေကြီးမှုများထဲ သင်္ချိုင်းနှင့် တောအုပ်များပါ ရေလွှမ်းမိုးခဲ့နေရ သဖြင့် အဆိုပါ နေရာများမှ မြွေဆိုးများမှာ လူနေအိမ်များ ရှိရာသို့ ချည်းကပ်လာကြခြင်း ဖြစ်သည်။
အင်းလေး ဒေသခံတစ်ဦးက “ဘုန်းကြီးကျောင်းတွေဆို တော်တော်များတယ်။ ဟိုနေ့ကလည်း တစ်ယောက်ကို ကိုက်သေးတယ်။ တော်သေး တယ်။ မြွေက အဆိပ်မရှိလို့။ သတ်ရင်လည်း မြွေဆိုးမဟုတ်ဘူးဆိုရင် ခက်ပြီလေ။ ရင်တထိတ်ထိတ်နဲ့ပဲ” ဟု ပြောသည်။
အင်းလေးဒေသရှိ ကျေးရွာပေါင်း ၄၃၆ ရွာအနက် ၁၇၁ ရွာ၌ နေအိမ်များ အပေါ်ထပ်အထိ ရေနစ်မြုပ်နေပြီး ဆေးရုံ၊ ဆေးခန်းများလည်း ပါဝင်နေသည် ဖြစ်ရာ မြွေကိုက်ခံရပြီးနောက်ပိုင်း အလျင်မီ ဆေးကုသမှု မပေးနိုင်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံများက ဆိုသည်။
အင်းလေးဒေသ ရေကျနိုင်ရေးအတွက် မိုးဗြဲရေကာတာအား ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်က နေ့စဉ်နှင့် အမျှ ဖောက်ချနေသော်လည်း မိုးရက်ဆက် ရွာသွန်းနေမှုများကြောင့် ရေမကျသည့်အပြင် ကရင်နီပြည်တွင် လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက် ရှိသည်။