စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ။
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ဂန့်ဂေါ်တောင်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး နေအိမ်တွင် သတ်ဖြတ်ခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
နေအိမ်တွင်ရှိနေသည့် အသက် ၆၀ နှစ်အရွယ် ဦးတင်မြင့် ကို လူ ၇ ဦးက စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီခွဲခန့်က သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ညက မှောင်ရုံသာသာပဲ ရှိတဲ့အချိန် သေနတ်သံတွေ ၇ ချက်လောက် ကြားလိုက်ရတယ်။ ညဆိုတော့ သွား မကြည့်ရဲဘူး၊ မနက်မိုးလင်းမှ ဦးတင်မြင့် ပစ်သတ်ခံရတာကို သိရတယ်” ဟု ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနတပ်ခွဲ – ၆၊ ဝေဟင်တပ်ဖွဲ့ နှင့် ဒေါနတပ်ခွဲ – ၇ တို့က ပူးပေါင်း ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဝေဟင်တပ်ဖွဲ့က စက်တင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ဝန်ခံထားသည်။
ဦးတင်မြင့်မှာ ယခင်ကလည်း အခြားလက်နက်ကိုင် တပ်ဖွဲ့များက သတိပေးခံထားရသူ တစ်ဦးဖြစ်ပြီး လက်နက်ကိုင် ဆောင်ခြင်းမျိုးတော့ မမြင်မိကြောင်း ရွာသားများက ဆိုသည်။
ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သူ ဦးတင်မြင့်၏ ရုပ်အလောင်းကို ၎င်း၏နေအိမ်၌ပင် ထားပြီး နာရေးပြုလုပ်ခဲ့ကြသည်။
စစ်ကောင်စီတပ်များကို လမ်းပြလုပ်ပေးခြင်း၊ ဖုန်းဖြင့် သတင်းပေးခြင်း၊ လူကိုယ်တိုင် သတင်းပေးခြင်း၊ အိမ်
ထောင်စု စာရင်းများ လိုက်လံစစ်ဆေးပြီး စာရင်းအတိုင်း လူမတွေ့ရှိပါက စစ်ကောင်စီတပ်ကို သတင်းပေးခြင်း၊ အကြောင်းအမျိုးမျိုးနှင့် ပတ်သက်၍ ပြည်သူများထံမှ ငွေကြေး အဆမတန်တောင်းခံခြင်း စသည့် လုပ်ရပ်များ ကို ကျူးလွန်နေသောကြောင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။
စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကောင်စီ ထောက်တိုင်များကို အမြဲစောင့် ကြည့်နေပြီး အလျဉ်းသင့်သလို သုတ်သင်ရှင်းလင်းသွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲတွင် ရေးသား ဖေါ်ပြထားသည်။