စက်လှေဖြင့် ဆက်ကြေးလိုက်ကောက်သည့် ပြည့်သူ့စစ်ခေါင်းဆောင် တိုက်ခိုက်ခံပြီးသေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲက ပြည်သူ့စစ်ခေါင်းဆောင် ဦးမျိုးမင်းထိုက် စက်လှေဖြင့် ဆက်ကြေးလိုက်နေချိန် တိုက်ခိုက်ခံရပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
မဲတောကျေးရွာအုပ်စု ချောင်းကြီးဝကျေးရွာမှ တောင်ညပ်ကျွန်း မီးသွေးဖောင်းဘက်ကို လစဥ်ကြေး သွား ကောက်ချိန် စက်တင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “လှေဆိပ်ကို ကပ်တဲ့အချိန်မှာပဲ လာပစ်တဲ့ ဟိုဘက်ကလှေကလည်း ရောက်လာတယ်၊ နှစ်ဘက်စလုံးပစ်ကြတာ၊ လာပစ်တဲ့သူတွေက အရပ်ဝတ်တွေနဲ့ မျက်နှာစိမ်းတွေပါပဲ” ဟု ပြောသည်။
ချောင်းကြီးဝကျေးရွာ၏ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သူ ဦးမျိုးမင်းထိုက် အပါအဝင် ပြည်သူ့စစ်လေးဦး လိုက်ပါ လာသည့် စက်လှေမှာ တောင်ညပ်ကျွန်း မီးသွေးဖောင်း လှေဆိပ်အရောက်တွင် နောက်ထပ် စက်လှေ တစ်စင်း ရောက်လာပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
နှစ်ဖက် ပစ်ခတ်မှုများအတွင်း ဦးမျိုးမင်းထိုက်တွင် ဦးနှောက်၊ ဝမ်းဗိုက်၊ လက်မောင်းနှင့် ခြေထောက်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ကျန်ပြည်သူ့စစ် ၂ ဦးမှာလည်း လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
နောက်တစ်ဦးမှာမူ ရေထဲသို့ ခုန်ချထွက်ပြေးခဲ့သောကြောင့် လွတ်မြောက်သွားခဲ့သည်ဟု ရွာသားတစ်ဦးက ဆို သည်။
လာရောက် ပစ်ခတ်သည့် စက်လှေ ပြန်လည်ထွက်ခွာသွားသည့် အချိန်တွင် ရေထဲသို့ ခုန်ချထွက်ပြေးခဲ့သူ ပြည် သူ့စစ်က ၎င်းတို့၏ စက်လှေကို မောင်းပြီး ဒဏ်ရာရသူများကို သယ်ယူထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒဏ်ရာရသူများကို ကံမော်ကျေးရွာဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဦးမျိုးမင်းသိန်းမှာ ရရှိခဲ့သည့် ဒဏ်ရာ ပြင်းထန် သောကြောင့် မြိတ်ဆေးရုံကြီးကို ပို့ဆောင်နေစဥ် လမ်းမှာပင် သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် ကံမော်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့က ချောင်းကြီးဝကျေးရွာကို ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် ရွာသားအများစုမှာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြ သည်။
ပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ ကျွန်းစုမြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပစ်ခတ်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် ဖြစ်စဥ် အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ကျွန်းစု – ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ အတွင်းကလည်း ကျွန်းစုမြို့နယ် မင်းခေါင်းဆေးကျေးရွာမှ ပျူစောထီးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းခဲ့သူ ရာအိမ်မှူးနှစ်ဦး အသတ်ခံရသေးသည်။