စစ်သားသစ် ၅ ဦး ဘက်ပြောင်းခိုလှုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။ 

တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်းမှ စစ်သားသစ် ၅ ဦး ဘက်ပြောင်းခိုလှုံလာသည်ဟု မြိတ်မြို့နယ် ပကဖ အဖွဲ့မှ ထုတ်ပြန်သည်။ 

အဆိုပါ ၅ ဦးတွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး လူသစ်စုဆောင်းခြင်း ခံရသူ လူငယ် ၁ ဦးနှင့် မဲပေါက်ပြီး စစ်မှုထမ်းဆောင်နေရသည့် တပ်ဖွဲ့ဝင် ၄ ဦးတို့ ပါဝင်သည်ဟု မြိတ်မြို့နယ် ပကဖ အဖွဲ့မှ ထုတ်ပြန်ထားသည်။

ခိုလှုံလာသူ ၅ ဦးထဲမှ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးမှာ မြိတ်မြို့တွင် လုပ်အားခရှင်းပြီး စက်တင်ဘာလ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် နေအိမ်သို့ ပြန်လာစဥ် မြို့သစ်လမ်းမပေါ်၌ ဆိုင်ကယ် ၄ စီး ဖြင့် အရပ်ဝတ်များ ဝတ် ဆင်ထားသူ လူ ၅ ဦးက တားဆီး၍ စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခေါ်ဆောင်ခံရခြင်း ဖြစ်သည်။

ထို့နောက် ရုံးတစ်ရုံးကို ခေါ်ဆောင်ခံရပြီး ပါလာသည့် ငွေကျပ် ၅ သိန်းနှင့် ဖုန်းကို သိမ်းဆည်းလိုက်ကာ နောက် တစ်ရက်တွင် မြိတ်မြို့မှ စစ်ကောင်စီ၏ တိုက်/စည်း(ရွှေဒူး)တပ်ကို ပို့ဆောင်ခံလိုက်ခြင်းဖြစ်သည်ဟု  မြိတ် -ပကဖ အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

တိုက်/စည်း (ရွှေဒူး) တပ်တွင် ရက်ပေါင်း ၂၀ ခန့် စစ်သင်တန်းပေးခြင်း ခံရပြီးနောက် အောက်တိုဘာလ ၁၁ ရက် နေ့၊ ညနေ့ပိုင်း၌ ထွက်ပြေးလာခဲ့ခြင်း ဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြိတ်ပကဖအဖွဲ့နှင့် အဆက်အသွယ်ရရှိခဲ့သည်။

အလားတူ မြိတ်မြို့နယ်၊ တုံးဗျောကြီး စခန်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်းအပတ်စဥ် ၁ မှ တပ်ဖွဲ့ဝင် တစ်ဦး မှာလည်း MA – 2 တလက်၊ လက်ပစ်ဗုံး ၂လုံး၊ ကျည် ၁၈၄ တောင့်နှင့် အတူ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြိတ် – ပကဖအဖွဲ့ထံသို့ ဆက်သွယ်ပြီး လာရောက်ခိုလှုံခဲ့သည်။

မြိတ် – ပကဖအဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက “တုံးဗျောစခန်းကတစ်ဦးက အဆက်အသွယ် လုပ်ပြီး ညကင်း စောင့်နေရင်း လက်နက်တွေနဲ့အတူ ထွက်ပြေးလာတာကို လမ်းတစ်ဝက်က သွားကြိုပြီး ခေါ်လာရတယ်။ နောက် ၃ ဦးကတော့ လက်နက်မပါဘူး။ မြိတ်ကနေ မြို့ပြင်ထွက်လာပြီး မဇောရွာ အရောက်မှာ မြိတ် – ပကဖ အဖွဲ့က ထောက်ပို့ တစ်ယောက်နဲ့ ဆက်သွယ်မိပြီး သွားခေါ်လာတာ” ဟု ပြောသည်။

ဘက်ပြောင်း ခိုလှုံလာသည့် စစ်ကောင်စီတပ်သား သုံးဦးမှာ ကော့သောင်းမြို့နယ် အခြေစိုက် ခလရ – ၄၃၁ တပ်ရင်းမှ ဖြစ် ပြီး မြိတ်မြို့အခြေစိုက် ခလရ – ၁၀၃ တပ်ရင်းမှ တစ်ဆင့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာဘက်သို့ ပို့ဆောင် တာဝန်ပေး ခံရမည့်သူများ ဖြစ်သည်။

၎င်းတို့မှာ ခလရ – ၁၀၃ တွင် ရှိနေစဉ် အောက်တိုဘာလ ၁၃ရက်နေ့က ထွက်ပြေး ခိုလှုံလာကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ တပ်သား ၃ ဦးမှာ မဲပေါက်ပြီးသည့်နောက် စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းကို တက်ရောက်ခဲ့ရပြီး ကော့သောင်းမြို့နယ်ဖက်သို့ ပို့ဆောင်ခြင်းခံရသည့် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ တစ်ဦး နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ၂ ဦးတို့ ဖြစ်ကြသည်။

လက်ရှိမှာ မြိတ် – ပကဖအဖွဲ့ကနေ ထွက်ပြေး လွတ်မြောက်လာသူ ၅ ဦး၏ ကိုယ်ရေး အချက်အလက်များကို မေးမြန်းနေပြီး မည်သည့် ပြစ်မှုမျိုးမှ ကျူးလွန်ထားခြင်း မတွေ့ရှိရသောကြောင့် ၎င်းတို့သွားလိုသည့် နေရာကို ကူညီ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် စစ်ကောင်စီကို ပြန်တော်လှန်မည်ဟု ဆိုပါကလည်း ဆန္ဒသဘော အတိုင်း လက်ခံပေးသွားမည်ဟု ဆိုသည်။

မြိတ် – ပကဖ အနေဖြင့် ဘက်ပြောင်းခိုလှုံလာသူ အားလုံးကို ပြည်သူ့ရင်ခွင် အဖွဲ့ထံ စာရင်းတင်ပေးထားပြီး အဖွဲ့မှ အကြောင်းပြန်ကြားလာချိန်တွင် ထောက်ပံ့ချီးမြင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဘက် ပြောင်း ခိုလှုံလာသူများကို လွတ်မြောက်နယ်မြေတွင် ထားရှိပြီး အစစအရာရာ ကူညီပေးထားသည်။

စစ်ကောင်စီ လက်အောက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြပြီး CDM လုပ်ကြရန် မြိတ် – ပကဖအဖွဲ့မှ တိုက်တွန်းနိုးဆော်ထားသေး သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီး အတင်း အကြပ် စစ်သား စုဆောင်းခြင်းနှင့် ဖမ်းဆီးခြင်းများ လုပ်ခဲ့ပြီး ပထမ အသုတ်၊ ဒုတိယ အသုတ်၊ တတိယ အသုတ်ခွဲကာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်လာခြင်း ဖြစ်သည်။