တနိုင်း-မြစ်ကြီးနား ကားခ လေးဆတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
တနိုင်း-မြစ်ကြီးနားသွားလမ်း (လီဒိုလမ်းပိုင်း) ပျက်စီးမှုကြောင့် ကားခများ အဆမတန်စျေးတက်သွားသည်ဟု ခရီးသွား ပြည်သူများနှင့် ယာဉ်မောင်းများက ပြောသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နှင့် မြစ်ကြီးနားမြို့ကြား လီဒီုလမ်းမပေါ်တွင် လမ်းများပျက်ဆီးနေမှုကြောင့် ကားများ ကို ဆင်များ အသုံးပြုပြီး ဆွဲယူနေရသလို ခရီးသည်တစ်ဦးလျှင် ကားခ ကျပ် ၄ သိန်းထိပေးနေရကြောင်း ခရီးသွားပြည်သူများက ပြောသည်။
မြစ်ကြီးနားမှ ခရီးသွားတစ်ဦးက “မြစ်ကြီးနားကနေ တနိုင်းကိုက လေးသိန်းတောင်းတယ် ဆီဖိုးနဲ့ ကားဆင်ဆွဲခ တစ်စီးကို နှစ်သိန်းကျော်တော့ ပေးရတယ်။ မြစ်ကြီးနားနဲ့ နောင်းမီကြားမှာ ဟိုဘက် ဟူးကောင်းဘက်တော့ မဟုတ်ဘူး။ တနိုင်းဘက်ပေါ့ ရှထူးဇွပ်ထိတော့ လမ်းကောင်းတယ်။ လမ်းတော်တော်ဆိုးတယ် ဆင်ကလည်း သနားစရာလေး လမ်းမှာ သုံးညအိပ်ရတယ်” ဟု ပြောသည်။
အဆိုပါ လမ်းပိုင်းပျက်စီးမှုမှာ စက်တင်ဘာလမှ စတင်ပျက်စီးခဲ့ပြီး ပျက်စီးသွားသည့် လမ်းပိုင်းများကို အချိန်မှီ မပြင်နိုင်သောကြောင့် အောက်တိုဘာလထဲတွင် ပိုမိုပျက်စီးကုန်ပြီး လက်ရှိတွင် ဆင်များကို အသုံးပြုပြီး ကားများကို ဆွဲယူနေရခြင်း ဖြစ်သည်။
စက်တင်ဘာလထဲတွင် ကားခမှာ ခရီးသည်တစ်ဦးကို ကျပ်တစ်သိန်းထိ ရှိခဲ့ရာမှာ အောက်တိုဘာလ နောက်ဆုံး ပတ်မှ စတင်၍ ကားခမှာ ကျပ်လေးသိန်းအထိ ထိုးတက်သွားခြင်း ဖြစ်သည်။ စက်တင်ဘာလ မတိုင်ခင်က ကားခမှာ ကျပ်သုံးသောင်းသာ ပေးရခြင်း ဖြစ်သည်။
တနိုင်းမြို့နှင့် မြစ်ကြီးနားမှာ မိုင် ၁၀၀ ကျော်ခန့်သာ ကွာဝေးပြီး ယခင်က နေ့တဝက်သာသွား ရသော်လည်း ယခု လမ်းတွင် နှစ်ည အိပ်ခရီးဖြင့် သွားလာနေရကြောင်း မြစ်ကြီးနား-တနိုင်းကြား ကားပြေးဆွဲနေသည့် ယာဉ်မောင်း (ကားသမား)များက ပြောသည်။
ယာဉ်မောင်းတစ်ဦးက “အရင်လက ၂၃ ရက်နေ့က တက်တာ တနိုင်းကို ၂၅ ရက်မှ ရောက်တယ်။ လမ်းမှာ အိပ်ရ တယ် ထွန်စက်နဲ့ ဆွဲရတဲ့ လမ်းပိုင်းလည်း ရှိတယ်။ ဆင်နဲ့ဆွဲရတဲ့ နေရာလည်း ရှိတယ်။ ကောင်ရာရွာအဝင်နဲ့ နောင်းမီရွာ အဝင်အထွက်မှာ ပျက်နေတာ တော်တော်ဆိုးတယ်” ဟု ပြောသည်။
အဓိက လမ်းပျက်သွားရသည့် အကြောင်းအရင်းမှာ ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
လက်ရှိတွင် တနိုင်း-မြစ်ကြီးနားသွား (လီဒို) လမ်းပေါ်က ဒွန်ဘန်နှင့် ရှထူးဇွပ်ကျေးရွာကြားတွင် နေရာ ၃ နေရာ ခန့်၊ နောင်းမီနှင့် ဝါရာဇွပ်ကြားတွင် ၂ နေရာခန့်၊ တိန်ကောက် – နန်ဖြတ် – နောင်းလုံကောင်ရာ လမ်းတစ်လျှောက် တွင်မူ ၄ နေရာခန့်၌ လမ်းများ ပျက်စီးကုန်ပြီဟု ဆိုကြသည်။
ကားခများ ဈေးကြီးနေခြင်းကြောင့် အိမ်မပြန်နိုင်သေးသည့် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက “ပြည်သူ တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အခုလို ကုန်ဈေးနှုန်းတက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရတော့ အဆင်မပြေမှုတွေ အများကြီးရှိပါတယ်။ လမ်းခရီးတွေ အဆင်မပြေတော့ အိမ်ပြန်နိုင်ဖို့လည်း အများကြီး ခက်ခဲပါတယ်။ အိမ်လည်း ပြန်ချင်နေပါပြီ” ဟု ပြောသည်။
တနိုင်း-မြစ်ကြီးနား လမ်းမကြီးအား ၂၀၁၅ ခုနှစ်မှ စတင်၍ အစိုးရဘတ်ဂျက်ဖြင့် ကတ္တရာလမ်းခင်းနေခြင်း ဖြစ်ရာ COVID-19 ရောဂါ နှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် မြစ်ကြီးနားမြို့မှ မကောကျေးရွာ အရောက်ထိသာ ကတ္တရာလမ်းခင်းနိုင်ခဲ့ပြီး လက်ရှိတွင် အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းများ ရပ်တန့်နေသည်။
ခရီးသွားကား အသေးများပင် သွားလာရေး ခက်ခဲနေသည့်အတွက် ကားခများ အဆမတန်စျေးတက်သွားပြီး ရေရှည်တွင် ပိုမိုအခက်အခဲများ ဖြစ်လာနိုင်သည့်အတွက် အဆိုပါ လမ်းပိုင်းအား ပြင်ပေးရန် ခရီးသွားပြည်သူ များက လိုလားနေကြသည်။