စစ်မှုထမ်းရှောင်သူ လူငယ်နှစ်ဦး ရဲတပ်ဖွဲ့က ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။ 

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာတွင် စစ်မှုထမ်းရန်အတွက် စာရင်းပေးထားပြီးမှ ထွက်ပြေးတိမ်းရှောင်နေ သည့် လူငယ်နှစ်ဦးကို ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

အလယ်မန်ကျေးရွာနေထိုင်သူ အသက် ၂၂ နှစ်ရွယ် မောင်အာလီ နှင့် အသက် ၂၀ အရွယ် မောင်အင်ဝမ်းတို့ကို အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းအချိန်တွင် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသူများမှာ အလယ်မန်ကျေးရွာမှ အရံမီးသတ်အဖွဲ့ဝင်များ ဖြစ်ကြပြီး ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပျူစောထီးသင်တန်း တက်ရောက်ရန် စာရင်းပေးထားခဲ့ကြောင်း ရွာသားတစ်ဦးက ဆိုသည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက မိသားစုကို မတိုင်ပင်ကြပဲ အုပ်ချုပ်ရေးမှူးကို မျက်နှာလို မျက်နှာရ စာရင်းပေးလိုက်ကြတာ။ ပျူစောထီး သင်တန်းမဟုတ်ဘဲ စစ်မှုထမ်းဖို့ခေါ်တယ် ဆိုတာ သိရမှ ရှောင်တော့ စစ်မှုထမ်း စုဆောင်းရေးအဖွဲ့က အမှုဖွင့်လိုက်ပြီး အဖမ်းခံရတာပေါ့ ဟု ပြောသည်။

ပျူစောထီးသင်တန်း တက်ရန် အတွက် စာရင်းပေးထားခဲ့သော်လည်း အောက်တိုဘာလအတွင်း မြို့နယ် စစ်မှုထမ်း စုဆောင်းရေးမှ စစ်မှုထမ်းသင်တန်းတက်ရန် အတွက် ခေါ်ယူခဲ့ခြင်းကြောင့် အလယ်မန်ကျေးရွာ ဟောင်း ဘက်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ နှစ်ဦးကို ဘုတ်ပြင်းမြို့ အခြေစိုက် တပ်မ (၁၃) တပ်ရင်းထဲတွင် ချုပ်နှောင်ထားပြီး မိသားစုဝင် များနှင့် ဆက်သွယ်ခွင့်၊ တွေ့ဆုံခွင့် မပေးသောကြောင့် မိဘဆွေမျိုးများက စိတ်ပူစိုးရိမ်နေကြသည်။

အလယ်မန်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းသင်တန်း တက်ရန်အတွက် ခေါ်ယူသည်မှာ နှစ်ကြိမ်ရှိနေပြီ ဖြစ်ပြီး စစ်မှုထမ်း လူစားထိုးရန်အတွက် ရွာသားများဆီမှ ငွေကြေးကောက်ယူသည်မှာလည်း နှစ်ကြိမ်ရှိပြီဟု ရွာသား များက ပြောသည်။

ငွေကြေးအား ပြီးခဲ့သည့် မေလတွင် ပထမအကြိမ် ကောက်ယူခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ၌ တစ်အိမ်လျှင် ငွေ ၁၅,၀၀၀ ကျပ်နှုန်းဖြင့် ၂ကြိမ် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

အလယ်မန်ကျေးရွာ အုပ်စုထဲတွင် အလယ်မန်ကျေးရွာ၊ အလယ်မန်ကျေးရွာဟောင်း၊ လငန်းကျေးရွာ၊ ပါဝယ် ကျွန်းနှင့် ပုလဲကျွန်းတို့ ပါဝင်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက စတင် အသက်သွင်းခဲ့ပြီးနောက် လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် (၆) ကို သင်တန်းပေးလျှက် ရှိနေပြီ ဖြစ်သည်။