အမျိုးသမီး အုပ်ကြီး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
ခမောက်ကြီးမြို့နယ်ထဲက အမျိုးသမီး ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ပစ်သတ်ခဲ့သည်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အမှတ် (၄)ရပ်ကွက် (ဖောင်ဆိပ်) အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း ခဲ့ သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
နေအိမ်တွင် ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်ဝင်းဌေးကို နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီခွဲခန့်က သွားရောက်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ဒေါ်ဝင်ဌေးမှာ စစ်မှုထမ်းဥပဒေ အကြောင်းပြုပြီး ရပ်ကွက်နေ ပြည်သူများထံမှ ငွေကြေး အတင်းအဓမ္မ တောင်း ခံခြင်း၊ စစ်မှုထမ်းရန်အတွက် လူစုပေးခြင်း၊ သန်းခေါင်စာရင်း ကောက်ယူသည့် ကိစ္စရပ်များကို အားပေး ကူညီမှု များ လုပ်ဆောင်နေခြင်းတို့ကြောင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း ကော့သောင်း – ပကခ အဖွဲ့၏ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ကော့သောင်း – ပကဖအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက “သူက အာဏာစသိမ်းကတည်းက အုပ်ချုပ်ရေးမှူး လုပ်နေတာ။ အမှတ် (၄) တံတားက ဂိတ်ချစစ်ဆေးတဲ့ နေရာမှာလည်း ပါတာကြောင့် အကြိမ်ကြိမ် သတိလည်း ပေးထားပြီးပြီ။ ပစ်ခတ်ပြီးတဲ့ အချိန်မှာ ခမောက်ကြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ သေးတယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး ဒေါ် ဝင်းဌေးက သူမနှင့် အဆင်မပြေသူများကို PDF အားပေးသည်ဟု အမည်တပ်ကာ ချောက်ချ တိုင်တန်းခြင်းများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ သတင်း အချက်အလက်များကို စုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးပို့ခြင်းများကိုလည်း လုပ်သည်ဟု ရပ်ကွက်သားများက ဆိုသည်။
လက်ရှိတွင် မလိဝမ်းဒေသနှင့် ခမောက်ကြီးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့က နေရာအနှံ့ ကင်းပုန်းဝပ်ပြီး တပ်ဖြန့်ထားသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း မလိဝမ်းကျေးရွာအုပ်စု၊ ၁၉ မိုင်ကျေးရွာရှိ နေအိမ်တစ်ဆောင်တွင် သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ပျော်ပွဲကျင်းပနေသည့် ပျူစောထီးအဖွဲ့အား ကော့သောင်း – ပကဖ အဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ပျုစောထီးနှစ်ဦး သေဆုံးခဲ့သေးသည်။