မူးယစ်ဆေး သုံးသူများ ငွေညှစ်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
တောင်ကြီးမြို့တွင် မူးယစ်ဆေး သုံးစွဲသူများကို အုပ်ချုပ်ရေးမှူးက ဖမ်းဆီးငွေညှစ်နေသော်လည်း ရောင်းချသူ များအား ဖမ်းဆီးခြင်း မရှိသေး ဟု မြို့ခံများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မူးယစ်ဆေးသုံးစွဲသူများအား ဖမ်းဆီးငွေညှစ်၍ ပြန်လွှတ်ပေးမှုများ ကြုံနေရသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက မူးယစ်ဆေး သုံးစွဲသူများကို ဖမ်းဆီးပြီးလျှင် ဝင်ငွေ အခြေ အနေပေါ် မူတည်၍ ကျပ် ၅ သိန်းမှ ကျပ် ၁၀ သိန်းကြား ပေးဆောင်ခိုင်းနေခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ တစ်ဦးက “မူးယစ်ဆေးကတော့ အားလုံးနီးပါး သုံးကြတာပါပဲ။ ဒါတွေသာ ဖမ်း ရင် တစ်မြို့လုံး ကုန်မှာ။ ဘယ်လောက်သုံးစွဲလဲ ဆိုတာလည်း မူတည်သေးတယ်။ အခုဖမ်းတာတွေက ဆေး ခြောက်လောက်နဲ့ WY တစ်ပြား ၂ ပြားလောက်နဲ့ မိကြတာ။ ပိုက်ဆံရရင် ပြန်လွှတ်တယ်ဆိုတာက တကယ် ပပျောက်ချင်လို့မှ မဟုတ်တာ” ဟု ပြောသည်။
ရွှေတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက မူးယစ်ဆေးသုံးစွဲသူများကို ဝင်ရောက်ဖမ်းဆီးရာတွင်လည်း ရဲနှင့် စစ်ကောင်စီ တပ်သားများ ပါဝင်ခြင်း မရှိဘဲ ၎င်း၏ လူမိုက်တပည့်များကိုဟာ အသုံးပြုခဲ့ပြီး နိုဝင်ဘာလ ပထမအပတ်အတွင်း အယောက် ၂၀ ကျော်ခန့် အထိ ဖမ်းဆီးခဲ့သည်။
သို့သော် ရောင်းချသူများမှာ အုပ်ချုပ်ရေးမှူးနှင့် အကျိုးတူ ပူးပေါင်းထားသည်ဖြစ်ရာ လတ်တလော ဖမ်းဆီးမှုတွင် မပါဝင်သေးဘူးဟု အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ရောင်းသမားက ဘယ်ပါမလဲ။ လစဉ်ပေးထားတယ်။ အခုဖမ်းတယ် ဆိုတာက မြို့ထဲက တစ်ယောက်ယောက် လာဝယ်ရင် ရောင်းတဲ့သူက အရင် သတင်းကြိုပို့ထားတယ်။ အဲဒီမှာ ထွက်လာပြီဆိုတော့မှ အကုန်လုံး ဝိုင်းဖမ်း ပြီး ရပ်ကွက်ရုံးကို ခေါ်သွားကြတာ။”
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
အုပ်ချုပ်ရေးမှူးမှာ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် တစ်ဦး ဖြစ်သည့်အပြင် မြို့နယ် အမျိုး၊ ဘာသာ၊ သာသနာ (မဘသ) ခေါင်းတစ်ဦးလည်း ဖြစ်ပြီး စစ်အာဏာသိမ်း အစောပိုင်း ကာလများ တွင် ပျူစောထီးအား ဦးဆောင်ဖွဲ့စည်းခဲ့ဖူးသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေအား အကောင်အထည်ဖော်ရာတွင်လည်း ၎င်း၏ တပည့် ၅ ဦး ခန့်အား စစ်မှုထမ်း ခေါ်ယူစေခဲ့ပြီး လက်ရှိတွင်လည်း တရားဝင် လက်နက် ကိုင်ဆောင်ခွင့် ရရှိထားသူ ဖြစ်သည်။
၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့ကလည်း ရပ်ကွက်ချင်း ထိစပ်နေသည့် ရွှေတောင်ရပ်ကွက်နေ စိုင်းမျိုးမင်း ဆိုသူ အား ဦးသန်းရွှေက မူးယစ်ဆေး သုံးစွဲသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များက ကျပ်သိန်း ၅၀ ဖြင့် ပြန်လည် ထုတ်ယူခဲ့ရသည်ဟု နီးစပ်သူများက ပြောသည်။