နာဂဒေသမှ စစ်မှုထမ်း ပါသူ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။ 

နာဂဒေသ လဟယ်မြို့မှ စစ်ကောင်စီ လက်အောက်တွင် စစ်မှုထမ်းသွားသူများထဲမှ တစ်ဦးသေဆုံးခဲ့ပြီး အများစုမှာလည်း မိသားစုနှင့် အဆက်အသွယ်မရသောကြောင့် စိုးရိမ်နေကြသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှ စစ်ကောင်စီ၏ စစ်မှုထမ်းသို့ မိမိဆန္ဒဖြင့် သွားသူ တစ်ဦး ရှေ့တန်းတွင် သေဆုံးသွားသည်ဟု နီးစပ်သူ ဆွေမျိုးတစ်ဦးက ပြောသည်။

ကျတာတော့ အရင်လက ကျတာ။ သိတာတော့ ဒီလထဲမှ သိတာ။ သူက ကလေးမြို့မှာ တာဝန်ရှိတာ။ တစ်ချို့က မန္တလေးမြို့မှာ ကျသလို ဟားခါးဘက်မှာ ကျသလိုပြောတယ်။ သူတို့က စစ်ကူဆိုပြီး လွှတ်လိုက်တာ သွားကျတာ။ ပြီးတော့ ကျန်တဲ့ဟာတွေလည်း ကျတယ်ထင်တယ် ဟု ပြောသည်။

တိုက်ပွဲတွင် ကျဆုံးသွားသူမှာ ကလေးသုံးဦးဖခင် ဦးခါးနိုးဆိုသူ ဖြစ်ပြီး အောက်တိုလထဲတွင် ကျဆုံးသွားခြင်း ဖြစ်သည်။ သို့သော် မိသားစုမှာ ၎င်းကျဆုံးသွားသည့် သတင်းကို ယခု နိုဝင်ဘာလ ပထမပတ်ထဲမှ သတင်းရ ရှိခြင်း ဖြစ်သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

လဟယ်မြို့မှ မိမိဆန္ဒဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူမှုတွင် သွားသူ အယောက် ၄၀ ကျော်ရှိပြီး အားလုံးမှာ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေသည်ဟု ဆိုသည်။

လဟယ်မြို့မှ ရပ်မိရပ်ဖတစ်ဦးက ဟိုတလောတုန်းကတော့ အဆက်အသွယ် တစ်ချို့ရတယ် ပြောတယ်။ ဒါပေမယ့် အများပိုင်းတော့ မရဘူးပြောတယ်။ တစ်ယောက်ကတော့ ကျသွားပြီးပြောတယ်၊ ကျန်တဲ့ လူတွေက တော့ အဆက်အသွယ် မရသေးဘူးပြောတယ်။ တစ်ချို့က ကျသွားတာလား တော်လှန်ရေး တပ်တွေ ဖမ်းတဲ့ထဲ ပါသွားတာလား သူတို့ သွားတဲ့နေရာပေါ် မူတည်တာပေါ့ဟု ပြောသည်။

စစ်မှုထမ်း ဥပဒေ ထုတ်ပြန် အသက်သွင်းပြီးနောက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နန်းယွန်းမြို့ နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့မှ ပြည်သူအချို့မှာ မိမိဆန္ဒအလျောက် စစ်မှုထမ်းသူများ ရှိခဲ့သည်။

စစ်မှုထမ်း ပထမသုတ်နှင့် ဒုတိယသုတ်ထိ နာဂဒေသတွင်းမှ စစ်မှုထမ်းသွားသူ အယောက် ၁၀၀ ကျော် ရှိသည် ဟု နီးစပ်သူများက ပြောသည်။

လဟယ်မြို့နယ်ထဲမှ စစ်မှုထမ်းသွားသူများအနက် မိမိဆန္ဒအလျောက် သွားသူများကို မြို့နယ် ထွေအုပ်ရုံးမှ ကျပ် ၁၀ သိန်းထိ ပေးခဲ့ကြောင်း ရပ်မိရပ်ဖများက ပြောသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နန်းယွန်းမြို့ နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့မှ စစ်မှုထမ်းသွားသူများ အားလုံးနီးပါး ရှေ့တန်းသို့ ပို့ခံထားရသည်ဟု ဆိုကြသည်။