လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ကြောင့် တစ်လအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အခြား လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အောက်တိုဘာလထဲတွင် အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၄၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြန် မာ့ အမျိုးသမီး သမဂ္ဂ (BWU) က ပြောသည်။
အဆိုပါ အရေအတွက်သည် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိဖြစ်ပြီး လေကြောင်း တိုက်ခိုက်ခံရ မှုကြောင့် အများဆုံး သေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး မဝေဝေလှိုင် က ပြောသည်။
“အရင်ကလို လက်နက်အားကိုးနဲ့ မြေပြင်မှာ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုတွေ ထင်တိုင်းကြဲလို့ မရတော့ဘူး။ တော်လှန်ရေး တပ်သားတွေ တော်လှန်ရေး တပ်ဖွဲ့တွေကနေ ပြီးတော့မှ နယ်မြေတွေကို ပြန်လည် ပြီးတော့မှ ထိန်းချုပ် လာနိုင်တယ်။ နယ်မြေ စိုးမိုးမှုတွေကို ပိုပြီး လုပ်ဆောင်နိုင်တယ်။ သူတို့ ထိန်ချုပ်ထားတဲ့ နယ်မြေ တွေ လက်လွှတ်ရတဲ့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ အရပ်သား ပြည်သူရဲ့ အိုးအိမ် ရပ်ရွာ နေအိမ်မြို့ရွာတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်း တိုက်ခိုက်မှုတွေကို လုပ်ဆောင်လာရခြင်း ဖြစ်ပါတယ်။”
စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူ အမျိုးသမီး (၇၁) ဦး ရှိပြီး (၄၄) ဦး ထိခိုက် ဒဏ်ရာရရှိသည့်အထဲတွင် စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ လေ ကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၅) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၇) နှစ်ဦး ရှိသည်ဟု BWU က ဆိုသည်။
ထို့အတူ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် (၉) ဦး၊ စစ်အုပ်စု၏ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် (၁၀)ဦး၊ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ခံရမှုကြောင့် (၂)ဦး နှင့် ကျန် (၁) ဦးမှာ ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် အမျိုးသမီးများ သေဆုံးခဲ့ရသည် ဟု BWU က ပြောသည်။
စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ အတွင်း ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ လည်း ရှိသည်ဟု မဝေဝေလှိုင်က ပြောသည်။
“ပုံမှန် ဒဏ်ရာရပြီး သေဆုံးတာထက် မသေဆုံးခင်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အထူးသဖြင့် စစ် အုပ်စုကနေ ပြီးတော့မှ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ မုဒိမ်းကျင့် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ ကြောင့် သေဆုံးမှုကတော့ အဆိုးဝါးဆုံးလို့ ပြောရမှာပေါ့နော်။ ပိုပြီးတော့မှ အမျိုးသမီးတွေက မသေခင်မှာကိုပဲ ငရဲလို ပဲ ရင်ဆိုင်ခံစားရ ပြီးတော့မှ မုဒိမ်းကျင့်ခံရပြီးတော့မှ ပြီးတဲ့ အခါကြတော့လည်း အသက်ကိုပါ နှုတ်ပိတ်တဲ့ အနေနဲ့ သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေကတော့ အဆိုးဝါးဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် သေဆုံးသူ (၄) ဦး ရှိပြီး ဒဏ်ရာရရှိသူ (၅) ဦး ရှိသည်ဟု BWU က ဆိုသည်။
ထို့အပြင် လက်ရှိ မြေပြင် အခြေအနေများအရ စစ်ကောင်စီတပ်က အရပ်သား အမျိုးသမီးများအား ပစ်မှတ် ထား တိုက်ခိုက်မှုများကို ပိုပြီးလုပ်ဆောင်လာသည့် အပေါ် မဝေဝေလှိုင်က ယခုကဲ့သို့ ဆက်ပြောသည်။
“အဓိက အကြောင်းအရင်းကတော့ ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ချင်လို့ပဲ ဖြစ်တယ်။ အခုလက်ရှိ နွေဦးတော်လှန်ရေးမှာ မတရားမှုကို ဆန့်ကျင်တဲ့ မြန်မာနိုင်ငံအတွင်းမှာ စနစ်အပြောင်းအလဲ လုပ် ချင်တဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေက အများကြီးလည်း ပါဝင်လာတာလည်း ဖြစ်တယ်။ အဲ့ဒါအပြင် အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ် ပြလိုက်ခြင်းအားဖြင့် လူထုဟာ တော်လှန်ရေးကို ထိတ်လန့်သွား အောင် ရပ်တန့်သွားအောင် အကြောက်တရားနဲ့ အုပ်ချုပ်ချင်လို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။”
စစ်အာဏာသိမ်းသည့် အချိန်ကစပြီး စစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံနဲ့ ဆက်လက် ကျူးလွန်နေသည်ဟု ဆိုသည်။
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရပြီး နေ့စဉ်နဲ့ အမျှ အသက်ဆုံးရှုံး နေကြရသည်ဟု BWU က ပြောသည်။
ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ယက်